မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီသို့ တည်ဆောက်ရန် အပ်နှံထားသည့် တွန်းသင်္ဘော (Tug Boat) အသစ်တစ်စင်း လက်ခံရယူမည်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီသို့ တည်ဆောက်ရန် အပ်နှံထားသည့် တွန်းသင်္ဘော (Tug Boat) အသစ်တစ်စင်း လက်ခံရယူမည်
Published 18 June 2018

မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီက တည်ဆောက်ထားသည့် တွန်းသင်္ဘော (Tug Boat) ကို တွေ့ရစဉ်

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီသို့ အသစ်တည်ဆောက်ရန် အပ်နှံထားသည့် တွန်းသင်္ဘော (Tug Boat) တစ်စင်း လက်ခံရယူမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

“သင်္ဘောက တည်ဆောက်ပြီးသွားလို့ စမ်းသပ်မောင်းနှင်နေပါတယ်။ မကြာခင်မှာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကို လွှဲပြောင်း ပေးအပ်သွားမှာပါ” ဟု မြန်မာ့သင်္ဘောကျင်း ဖက်စပ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတကာမှ ပင်လယ်ကူး သင်္ဘောကြီးများ ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာရာတွင် ရန်ကုန်ဆိပ်ကမ်းမှ ၆၄ ကီလိုမီတာအကွာရှိ ပင်လယ်ဝမှ ဝင်ထွက်ကြရခြင်းဖြစ်သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ရေကြောင်းပြမှူးကြီးများက အဆိုပါ ပင်လယ်ကူး သင်္ဘောကြီးများကို ဦးဆောင်ထိန်းကျောင်း၍ ရန်ကုန်ဆိပ်ကမ်းသို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝင်ထွက်သွားလာနိုင်ရန် ပို့ဆောင်ပေးရကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်လာသည့် ပင်လယ်ကူးသင်္ဘောကြီးများသည် ၎င်းတို့၏ အင်ဂျင်ပါဝါများသည့် သင်္ဘောအင်ဂျင်ဖြင့် မောင်းနှင်ပါက ရေကြောင်းမတော်တဆမှု အန္တရာယ်များ ဖြစ်ပွားနိုင်မည်ဖြစ်သဖြင့် သင်္ဘောအငယ်စားများဖြင့် တစ်ဖက်စီက အကူတွန်းပေးပြီး ဆိပ်ကမ်းသို့ ဝင်ရောက်ရခြင်းဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် အဆိုပါ တွန်းသင်္ဘော (Tug Boat) အနေဖြင့် ငါးစင်းရှိပြီး မြင်းကောင်ရေ အင်ဂျင်ပါဝါ ၅၀၀၀ အားရှိ တွန်းသင်္ဘော (Tug Boat) နှစ်စင်းကို လာမည့်ဘဏ္ဍာနှစ်တွင် ထပ်မံတည်ဆောက်မည်ဟု သိရသည်။

ရန်ကုန်ဆိပ်ကမ်းသို့ နိုင်ငံတကာမှ သင်္ဘောကြီးများ ဝင်ထွက်သွားလာရာတွင် ကူညီပို့ဆောင်ပေးရသည့် တွန်းသင်္ဘော (Tug Boat) နှစ်စင်းအား မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထပ်မံတည်ဆောက်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်၏ ပြောကြားချက်အရ သိရသည်။

“မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ လက်ရှိ တွန်းသင်္ဘော (Tug Boat) ငါးစင်းနဲ့ ရန်ကုန် ဆိပ်ကမ်းကို သင်္ဘောကြီးတွေ ဝင်ထွက်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ နောက်ထပ်ပြီး မြင်းကောင်ရေအား ၅၀၀၀ ရှိတဲ့ (Tug Boat) နှစ်စင်းကို ထပ်မံတည်ဆောက်နေပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးနီအောင်က ဇွန် ၁၁ ရက်က ပြောကြားသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြစခန်း (Off-shore Fixed Pilot Station) ကိုလည်း ဒေါ်လာ သန်း ၂၀ ကျော် အကုန်အကျခံ တည်ဆောက်လျက်ရှိသည်။

လက်ရှိတွင် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ထွက်သွားလာသည့် ပင်လယ်ကူးသင်္ဘောကြီးများ ပိုမိုများလာသည်နှင့်အမျှ တာဝန်ကျဝန်ထမ်းများ ပိုမိုများလာကြောင်း သိရသည်။

ထို့အတွက် နေရာလိုအပ်ချက်ရှိလာခြင်း၊ ရာသီဥတု ဆိုးရွားချိန်များတွင် ရေကြောင်းပြသင်္ဘောအား ဘေးကင်းရာသို့ ရွှေ့ပြောင်းခြင်း၊ ပြုပြင်ထိန်းသိမ်းစရိတ်ကြီး မြင့်လာခြင်းစသည့် အချက်များကြောင့် ဝန်ထမ်းများအတွက် လုံခြုံစိတ်ချရသည့် ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြစခန်း (Off-shore Fixed Pilot Station) အား သံကူကွန်ကရစ် သုံးထပ်အဆောက်အအုံအဖြစ် တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent