လှည်းကူးမြို့နယ်ရှိ ကြက်ခြံတစ်ခြံအတွင်း အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်သတ်ပြီး ထွက်ပြေးနေသည့် ကျူးလွန်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ

လှည်းကူးမြို့နယ်ရှိ ကြက်ခြံတစ်ခြံအတွင်း အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်သတ်ပြီး ထွက်ပြေးနေသည့် ကျူးလွန်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးရမိ
Published 18 June 2018

လှည်းကူးမြို့နယ်ရှိ ကြက်ခြံတစ်ခြံအတွင်း အမျိုးသမီးတစ်ဦးကို ဓားဖြင့်ခုတ်သတ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၁၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၆ ရက် နံနက် ၉ နာရီခန့်တွင် လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာနေ ကြက်မွေးမြူရေးလုပ်ငန်းလုပ်သည့် ဦး......(၆၀ နှစ်) သည် ပဲခူးမြို့သို့ ကားအငှားလိုက်သွားခဲ့ပြီး ယင်းနေ့ နံနက် ၁၁ နာရီခွဲခန့်တွင် ကြက်ခြံအလုပ်သမားများက ၎င်းထံသို့ ဆက်သွယ်၍ ဦး......၏ ချွေးမဖြစ်သူ မ......(၃၉ နှစ်) မှာ ကြက်ခြံအတွင်း ဒဏ်ရာများဖြင့် လဲကျနေကြောင်း ပြောသဖြင့် ကြက်ခြံသို့ပြန်လာပြီး ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယင်းသို့ ကြည့်ရှုရာ ချွေးမဖြစ်သူ မ......မှာ နဖူး၊ လည်ကုပ်၊ လက်မောင်းနှင့် ပေါင်တို့တွင် ဓားခုတ်ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး အဆိုပါဖြစ်စဉ်ကို လှည်းကူးမြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းရာ ရဲစခန်းက (ပ)၆၂၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်၍ ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“တရားလိုကလာပြီး တိုင်တန်းတာပေါ့။ မြို့နယ်ရဲတပ်ဖွဲ့ကလည်း အမှုဖွင့်ပြီး အခင်းဖြစ်တဲ့နေရာကို သွားရောက်စစ်ဆေးတယ်။ အခင်းဖြစ်တဲ့နေရာအနီးမှာ သွေးအိုင်ထဲက အင်္ကျီကြယ်သီးတစ်လုံးကို တွေ့တယ်လို့ သိရတယ်။ ပြီးတော့ ခြံထဲကို အဝင်အထွက်ရှိတဲ့ သူတွေကို စုံစမ်းတယ်။ သက်သေခံကြယ်သီးနဲ့ပတ်သက်ပြီး ရဲလုပ်ငန်းစဉ်အရ ဆောင်ရွက်တာပေါ့။ အဲဒီလိုစုံစမ်းရင်း အခင်းဖြစ်နေရာအနီးမှာ လာပြီးမျှစ်ချိုးလေ့ရှိတဲ့ အမျိုးသားတစ်ဦးရှိတယ်လို့ သိရတယ်။ သူက ကြက်ခြံကိုလည်း အဝင်အထွက်ရှိသူလို့ သိရတယ်။ သူ့ကိုလိုက်တော့ သူကနေအိမ်မှာ မရှိဘူး။ ပဲခူး၊ အင်းတကော်ဘက်က မိဘအိမ်ပြန်သွားတယ်လို့ သိရတယ်။ ဒီအမှုမှာ သူ့ကို မသင်္ကာလို့ သူကို ခေါ်ယူစစ်ဆေးဖို့ ဆက်လက်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်” ဟု မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ အခင်းဖြစ်ကြက်ခြံအနီး မျှစ်လာရောက်ချိုးလေ့ရှိသူမှာ ရဲစိုးဦး (၄၁ နှစ်) ဆိုသူဖြစ်ကြောင်း သိရပြီး ၎င်းကို ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ်ရှိ ၎င်းနေအိမ်မှ အခင်းဖြစ်သည့်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ခေါ်ယူ၍ ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ကြောင်း သိရသည်။

“သူ့ကို တိုင်း၊ ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့က ပူးပေါင်းပြီး ခေါ်စစ်တာပေါ့။ အဲဒီလိုစစ်ဆော့ သူက အခင်းဖြစ်မယ့်နေ့ မနက် ၁၀ နာရီလောက်မှာ ကြက်ခြံထဲကိုဝင်ပြီး ကြက်ခြံပိုင်ရှင်ရဲ့ ချွေးမဆီက ငွေကျပ် သုံးသိန်းလာချေးတယ်လို့ သိရတယ်။ အဲဒီလိုလာချေးတော့ ခြံပိုင်ရှင်ရဲ့ ချွေးမက အဆင်မပြေဘူး။ ပိုက်ဆံလည်း မချေးနိုင်ဘူးလို့ မာမာထန်ထန်နဲ့ ရဲစိုးဦးရဲ့ အင်္ကျီကိုဆွဲပြီး ပြောတယ်လို့ သိရတယ်။ အဲချိန်မှာ အင်္ကျီကြယ်သီးက ပြုတ်ထွက်သွားတယ်လို့ သိရတယ်” ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။

ယင်းနောက် ရဲစိုးဦးမှာ မ......အား ဒေါသထွက်ပြီး တွန်းလဲကာ အသင့်ပါလာသည့် ဓားဖြင့် လေးငါးချက်ခန့်ခုတ်၍ ခြံအတွင်းမှ ထွက်ပြေးသွားခဲ့ပြီး ကျူးလွန်ရာတွင် အသုံးပြုသည့်ဓားကို လွှင့်ပစ်ထားခဲ့သည်ဟု စစ်ဆေးပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူ ရဲစိုးဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ဥပဒေအရအရေးယူရန် ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent