၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာတစ်သန်းကျော် ကိုင်တွယ်နိုင်ခဲ့ပြီး အတွင်းဆိပ်ကမ်းများမှ ကုန်သေတ္တာကိုင်တွယ်မှု ၈၅ ရာခိုင်နှုန်းရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာတစ်သန်းကျော် ကိုင်တွယ်နိုင်ခဲ့ပြီး အတွင်းဆိပ်ကမ်းများမှ ကုန်သေတ္တာကိုင်တွယ်မှု ၈၅ ရာခိုင်နှုန်းရှိ
Published 18 June 2018

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုဖြစ်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်း ကုန်သေတ္တာလွင်ပြင်ကို တွေ့ရစဉ်

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာအလုံးရေ တစ်သန်းကျော် ကိုင်တွယ်နိုင်ခဲ့ပြီး အတွင်းဆိပ်ကမ်းများမှ ကုန်သေတ္တာကိုင်တွယ်နိုင်မှု ၈၅ ရာခိုင်နှုန်းရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးနီအောင်က “ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ရန်ကုန်ဆိပ်ကမ်းတွေရဲ့ ကုန်သေတ္တာကိုင်တွယ်မှုက တစ်သန်းကျော်ရှိတဲ့အနက် ရန်ကုန်အတွင်းဆိပ်ကမ်းတွေက ကုန်သေတ္တာကိုင်တွယ်နိုင်မှုက ၈၅ ရာခိုင်နှုန်းခန့် ရှိတာ ဖြစ်ပါတယ်” ဟု ရန်ကုန်-ဒလ မြစ်ကူးတံတား တည်ဆောက်ရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ရန်ကုန်ဆိပ်ကမ်းဧရိယာအတွင်း ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်သည့် ဆိပ်ကမ်းတံတား ငါးခုဖြစ်သည့် အေးရှားဝေါလ်/ထီးတန်းဆိပ်ခံတံတား၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဗိုလ်အောင်ကျော်ဆိပ်ခံတံတားနှင့် သီလဝါ အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများသည် လက်ရှိတွင် ကုန်သေတ္တာတင်သင်္ဘောများ ဆိုက်ကပ်၍ ကုန်စည်ကိုင်တွယ်မှုများ ဆောင်ရွက်နေပြီး ကုန်းတွင်းပိုင်းဆိပ်ကမ်းများအနက် အေးရှားဝေါလ်နှင့် မြန်မာ့စက်မှု ဆိပ်ကမ်းတို့သည် အဓိက ကုန်သေတ္တာဆိပ်ကမ်းများအဖြစ် ရပ်တည်လျက်ရှိကြောင်း သတင်းရရှိသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရန်ကုန်ဆိပ်ကမ်းတစ်ခုလုံး၏ ကုန်သေတ္တာ ကိုင်တွယ်မှုမှာ TEU ၁ ဒသမ ၄၃ သန်းခန့်ရှိပြီး ရန်ကုန် အတွင်းဆိပ်ကမ်းများဖြစ်သည့် အေးရှားဝေါလ်/ထီးတန်းဆိပ်ခံတံတား၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား၊ ဗိုလ်အောင်ကျော်ဆိပ်ခံတံတား ငါးစင်းမှ TEU ၈၈၅၇၁၄ ကိုင်တွယ်နိုင်ခဲ့ပြီး သီလဝါဆိပ်ကမ်းမှ TEU ၁၅၇၇၅၅ ခန့် ကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းဧရိယာရှိ ကုန်းတွင်းဆိပ်ကမ်းတစ်ခုဖြစ်သည့် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာခြောက်လုံးအထိ ဆင့်ထပ်နိုင်သော RTG ကရိန်းကိုးစင်း အပါအဝင် ဆိပ်ကမ်းသုံးယန္တရားပစ္စည်းသစ် ၁၄ မျိုးအား ဧပြီ ၂၉ ရက်က စတင်တပ်ဆင် အသုံးပြုနေပြီဖြစ်သည်။

အေးရှားဝေါလ်ဆိပ်ကမ်း၌ ယနေ့စတင် အသုံးပြုသည့် ဆိပ်ကမ်းသုံးယန္တရားပစ္စည်းသစ်များ စတင်အသုံးပြုခြင်းကြောင့် ဆိပ်ကမ်းတံတားနှင့် ကုန်သေတ္တာလွင်ပြင်၏ ကုန်ကိုင်တွယ်နိုင်မှုပိုင်းတွင် ရာခိုင်နှုန်း ၃၀ ခန့် ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အေးရှားဝေါလ်/ထီးတန်းဆိပ်ခံတံတား အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သွင်းကုန်၊ ပို့ကုန် ကုန်သေတ္တာ TEU ၄၀၅၃၉၀ နှင့် သွင်းကုန်ပို့ကုန် တန်ချိန်ပေါင်း ၅၄၁၆၇၁၈ ကိုင်တွယ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းတစ်ခုလုံး၏ ၃၈ ဒသမ ၈ ရာခိုင်နှုန်း ကိုင်တွယ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent