စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွင် ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားရှိမှုအပြင် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစသည့် မဏ္ဍိုင်သုံးရပ်နှင် အခြေခံမူခုနစ်ရပ်ဖြင့် လယ်ယာကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွင် ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားရှိမှုအပြင် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစသည့် မဏ္ဍိုင်သုံးရပ်နှင် အခြေခံမူခုနစ်ရပ်ဖြင့် လယ်ယာကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည်
Published 17 June 2018

တောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာတွင် ကုန်ထုတ်စွမ်းအားနှင့် ယှဉ်ပြိုင်စွမ်းအားရှိမှုအပြင် ကောင်းမွန်သော စီမံအုပ်ချုပ်မှုစသည့် မဏ္ဍိုင်သုံးရပ်နှင့် အခြေခံမူ ခုနစ်ရပ်ဖြင့် လယ်ယာကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ Agricultural Development Strategy (ADS) သည် သက္ကရာဇ် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသည် စားနပ်ရိက္ခာနှင့် အာဟာရ ပြည့်ဝဖူလှုံပြီး အထွက်နှုန်းမြင့်မား၍ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးကဏ္ဍမှ ကမ္ဘာ့ဈေးကွက်ကို ယှဉ်ပြိုင်နိုင်ကာ ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန် မျှော်မှန်းထားကြောင်း သိရသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ မျှော်မှန်းချက်အတိုင်း အောင်မြင်စေရန် စိုက်ပျိုးရေးကဏ္ဍ၏ တိုးတက်မှုကို (၁) စီမံအုပ်ချုပ်မှု၊ (၂) ထုတ်လုပ်မှု၊ (၃) ယှဉ်ပြိုင်စွမ်းအားရှိမှုစသည့် မဟာဗျူဟာမဏ္ဍိုင်သုံးရပ်ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

“ဒီမဟာဗျူဟာမှာ မဏ္ဍိုင်ကြီးသုံးခုနဲ့ တည်ဆောက်ထားပါတယ်။ အဲဒီမဏ္ဍိုင်ကြီးသုံးခုရဲ့အောက်က အခြေခံအုတ်မြစ်ကတော့ဖြင့် အစိုးရရယ်၊ ပုဂ္ဂလိကရယ်၊ တောင်သူလယ်သမားများကြားမှာ ရေရှည်ပူးပေါင်း ဆောင်ရွက်ဖို့ တည်ဆောက်ထားတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဒီသုံးပွင့်ဆိုင်၊ အစိုးရ၊ ပုဂ္ဂလိက၊ တောင်သူလယ်သမားဆိုတဲ့ အခြေခံအုတ်မြစ်ပေါ်ကနေပြီးတော့ မဏ္ဍိုင်ကြီးသုံးခုမှာ တစ်ခုကတော့ ကောင်းမွန်သော စီမံအုပ်ချုပ်ရေးဆိုတဲ့ အစီအစဉ်တွေ၊ မဏ္ဍိုင်နှစ်ကတော့ ထုတ်လုပ်မှု တိုးတက်ရေးဆိုတဲ့ အစီအစဉ်တွေ၊ မဏ္ဍိုင်သုံးကတော့ ယှဉ်ပြိုင်မှု စွမ်းအားကောင်းရေးဆိုတဲ့ဟာတွေ ဖြစ်ပြီးတော့ အဲဒီဟာတွေအားလုံးရဲ့ ခေါင်မိုးကတော့ အနာဂတ်လားရာ အမြင်အနေနဲ့ သက္ကရာဇ် ၂၀၃၀ မှာ မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာနဲ့ အာဟာရဓာတ်ပြည့်ဝဖူလုံပြီး အထွက်နှုန်းမြင့်မား၍ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးကဏ္ဍမှ ကမ္ဘာ့ဈေးကွက်ကို ယှဉ်ပြိုင်ကာ ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးဆိုတာကို Vision အနေနဲ့ တည်ဆောက်ထားပါတယ်” ဟု မဟာဗျူဟာရေးဆွဲရေး အဖွဲ့မှ အမျိုးသားအတိုင်ပင်ခံ ဦးစံသိန်းက ပြောကြားထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ငါးနှစ်အတွင်း စားနပ်ရိက္ခာဖူလုံမှု၊ လုပ်ကွက်ငယ်တောင်သူများ ဝင်ငွေပိုမိုမြင့်လာခြင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ ရပိုင်ခွင့်များ ပိုမိုခိုင်မာစေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအရေးပါသည့်အတွက် စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) ကို ရေးဆွဲရခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာကို အစိုးရ-တောင်သူလယ်သမား-ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ပူးပေါင်း ဆောင်ရွက်မှု အခြေခံအုတ်မြစ်အပေါ် တည်ဆောက်ထားကြောင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ မဏ္ဍိုင်ကြီးသုံးရပ်တို့ကို အခြေခံ၍ စီမံကိန်းများ၊ လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက ပြောကြားသည်။

Most Read

Most Recent