ပညာရေးကဏ္ဍအလိုက် ဥပဒေများ ပြီးစီးအောင် ကြိုးစားရမည်ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီးနိုင်ကြောင်း ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ပြောကြား

ပညာရေးကဏ္ဍအလိုက် ဥပဒေများ ပြီးစီးအောင် ကြိုးစားရမည်ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီးနိုင်ကြောင်း ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး ပြောကြား
Published 17 June 2018

ပညာရေးကဏ္ဍာအလိုက် ဥပဒေများ ပြီးစီးအောင် ကြိုးစားရမည်ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း ပြီးနိုင်ကြောင်း ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီ အတွင်းရေးမှူး အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုးက ပြောကြားသည်။

“အခုက အမျိုးသား ပညာရေးဥပဒေ ထွက်ပြီးသွားပြီ။ အဲဒီကမှ အခြေခံပညာရေးဥပဒေ၊ အဆင့်မြင့် ပညာရေးဥပဒေ၊ အသက်မွေးဝမ်းကျောင်းဥပဒေ၊ ပုဂ္ဂလိကပညာရေး ဥပဒေ ဒါတွေလာမှာပေါ့။ လောလောဆယ်မှာ အခြေခံပညာရေး ဥပဒေကတော့ လွှတ်တော်မှာ ရောက်နေပါပြီ။ ဆွေးနွေးနေပါပြီ။ ဆောင်ရွက်နေပါပြီ။ မကြာခင် အချိန်မှာ အဆင့်မြင့်ပညာရေး ဥပဒေအားလုံးက ဆက်တိုက် ထွက်လာပါလိမ့်မယ်။ ကဏ္ဍအလိုက် ဥပဒေတွေ ဒီလွှတ်တော်သက်တမ်း အတွင်းမှာ ပြီးနိုင်ပါတယ်။ မပြီးလို့လည်း မရဘူး။ ပြီးအောင်ကြိုးစား ကြရမှာပေါ့” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

ပညာရေး ကဏ္ဍအလိုက် ဥပဒေများကို အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေပြီး မဟာဗျူဟာမြောက် အပြောင်းအလဲများနှင့် အသစ်ချမှတ်သည့် မူဝါဒများသည် ပညာရေး ကဏ္ဍအလိုက် ဥပဒေများနှင့် လိုက်လျောညီထွေဖြစ်ရန် လိုကြောင်း အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်က အမျိုးသားပညာရေး မူဝါဒ ကော်မရှင်၏ ခြောက်လတာကာလ (၂၀၁၇ ခုနှစ် အောက်တိုဘာမှ ၂၀၁၈ ခုနှစ် ဧပြီအထိ) အတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင်ခံစာတွင် အကြံပြုထားသည်။

အမျိုးသား ပညာရေးဥပဒေသည် ယေဘုယျလမ်းညွှန်မြေပုံ တစ်ခုသာဖြစ်ပြီး ကဏ္ဍအလိုက် ဥပဒေများကသာ မိမိတို့လျှောက်လှမ်းရမည့် လမ်းကြောင်းအဖြစ် သတ်မှတ်ညွှန်ပြမည်ဖြစ်ကာ အဆိုပါ ကဏ္ဍအလိုက် ဥပဒေများသည် ယခုအချိန်အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့်အတွက် အချို့သော မူဝါဒပိုင်းဆိုင်ရာ အဆုံးအဖြတ်များ ပြုလုပ်ရာတွင် အခက်အခဲများ (အခြေခံပညာ ဆရာများ၏ အရည်အချင်း၊ အဆင့်အတန်းနှင့် လုပ်ငန်းခွင်လမ်းသွယ်များ သတ်မှတ်ရေး၊ ဆရာအတတ်ပညာ အစီအစဉ်များ ပြုပြင်ပြောင်းလဲရေး၊ တက္ကသိုလ်ပဋိညာဉ် စာတမ်းများ ရေးဆွဲရေး၊ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားသော ပုဂ္ဂလိက ကျောင်းများကို အသိအမှတ်ပြုရေး) ရှိရာ ရှင်းလင်းသည့် မူဝါဒများ ချမှတ်ရန် အခက်အခဲများ ရှိနေသောကြောင့် ကဏ္ဍအလိုက် ဥပဒေများကို အမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေကြောင်းနှင့် မဟာဗျူဟာမြောက် အပြောင်းအလဲများနှင့် အသစ်ချမှတ်သည့် မူဝါဒများသည် ပေါ်ထွက်လာရန်ရှိသည့် သက်ဆိုင်ရာ ပညာရေးကဏ္ဍအလိုက် ဥပဒေများဖြစ်သည့် အခြေခံပညာရေး ဥပဒေ၊  အဆင့်မြင့်ပညာရေး ဥပဒေ၊ နည်းဥပဒေ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဥပဒေ၊ ပုဂ္ဂလိကကျောင်း ဥပဒေတို့နှင့်လည်း လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ပညာရေးဥပဒေတစ်ခု ထွက်ပေါ်ရန်အတွက် လူတိုင်းနှင့် သက်ဆိုင်ပြီး အားလုံးပူးပေါင်းမှသာ မြန်မြန်အကောင်အထည် ဖော်နိုင်မည်ဖြစ်ပြီး သူတစ်လူ ငါတစ်မင်းဖြစ်၍ ပြောသည့်အချက် မပါသဖြင့် ကန့်ကွက်နေပါက ဥပဒေတစ်ခုထွက်ရန် ကြာသွားလိမ့်မည်ဖြစ်ကြောင်း ဒေါက်တာလှမိုးက ပြောကြားသည်။

 

Most Read

Most Recent