စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးခြင်းမရှိသည့် မြေလွတ်မြေရိုင်းဧက လေးသိန်းကျော်ကို ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးခြင်းမရှိသည့် မြေလွတ်မြေရိုင်းဧက လေးသိန်းကျော်ကို ပြန်လည်သိမ်းယူမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ပြောကြား
Published 17 June 2018

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်တစ်ခုတွင် စိုက်ပျိုးထားသော ဖရဲခင်းများကို တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း  စိုက်ပျိုးခြင်းမရှိသည့် မြေလွတ် မြေရိုင်းဧက လေးသိန်းကျော်ကို  ပြန်လည် သိမ်းယူမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

မြေလွတ်မြေရိုင်းများတွင် စိုက်ပျိုးခြင်း မရှိသေးသည့်ဧက လေးသိန်းကျော်ရှိကြောင်း အများဆုံး ပြန်လည်သိမ်းယူရမည့် ခရိုင်သည် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်နှင့် မော်လိုက်ခရိုင်တို့ ဖြစ်ကြောင်း၊ မြေလွတ်မြေရိုင်းများသည့် နေရာများကို  ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အကြမ်းဖျင်းအားဖြင့်ကတော့ ဧကလေးသိန်းကျော်လောက်ရှိတယ်။ အဓိက များတာကတော့ အပေါ်က ပြောခဲ့တဲ့ ခရိုင်တွေဖြစ်တယ်။ မြေလွတ်မြေရိုင်းများတဲ့ နေရာတွေကို ပြန်လည်သိမ်းယူသွားမယ်။ ၂၀၁၂ မြေလွတ်မြေရိုင်း ဥပဒေ ပြဋ္ဌာန်းချက်အရ မြေလွတ်မြေရိုင်းတွေကို ယူထားပြီးတော့ လေးနှစ် အတွင်းမှာ အကောင်အထည် မဖော်ဘူးဆိုရင်  ပြန်လည်သိမ်းယူခွင့်ရှိတယ်။ အဲဒါကြောင့် လေးနှစ်တာ ကာလအတွင်းမှာ စိုက်ပျိုးခြင်းမရှိတဲ့ မြေလွတ်မြေရိုင်းတွေကို ပြန်ပြီးသိမ်းယူတာပါ” ဟု ဦးသန်းဝင်းက ဆက်လက် ပြောကြားသည်။

မြေလွတ်မြေရိုင်း လျှောက်ထားပြီး စိုက်ပျိုးလုပ်ကိုင်နေသည့် မြေလွတ်မြေရိုင်းများကို ပြန်လည်သိမ်း ယူခြင်းမျိုး မဟုတ်ဘဲ လေးနှစ်တာကာလအတွင်း စိုက်ပျိုးခြင်း မရှိသေးသည့် မြေလွတ်မြေရိုင်းများကိုသာ ပြန်လည် သိမ်းယူမည် ဖြစ်ကြောင်း၊ ယင်းသို့ မြေလွတ်မြေရိုင်းများ လျှောက်ထားရယူရာတွင် ကုမ္ပဏီကြီးများလည်း ပါရှိကြောင်း၊ ထို့ပြင် တစ်သီးပုဂ္ဂလများကလည်း လျှောက်ထားရယူထားကြောင်း ၎င်းကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စိုက်ပျိုးခြင်းမရှိသည့် မြေလွတ် မြေရိုင်းဧက လေးသိန်းကျော်ကို ပြန်လည် သိမ်းယူမည့် အထဲတွင် ဗဟိုအဖွဲ့က ခွင့်ပေးထားသည့် တပ်ရင်း၊ တပ်ဖွဲ့ဝင်များ၏ မြေလွတ်မြေရိုင်းများလည်း ပြန်လည်သိမ်းယူသွားမည် ဖြစ်ကြောင်း မြေလွတ်မြေရိုင်းများ ပြန်သိမ်းဆည်းရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အတွင်းရေးမှူး ဦးသန်းဝင်းက ပြောကြားသည်။

 

Most Read

Most Recent