<

လင်းဇင်းကုန်းသုသာန်ဟောင်း အတွင်းမှ အမရပူရခေတ် ရှေးဟောင်းစေတီနှင့် အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် ကုန်ကျစရိတ် တွက်ချက်ပြီး ရှေးဟောင်းသုတေသန ဦးစီးဌာနသို့ တင်ပြထား

အမရပူရခေတ်လက်ရာ ရှေးဟောင်းစေတီနှင့် အဆောက်အအုံအချို့ကို တွေ့ရစဉ်

အမရပူရမြို့နယ် တောင်သမန်အင်းမြောက်ဘက်ရှိ လင်းဇင်းကုန်းသုသာန်ဟောင်း အတွင်းမှ အမရပူရခေတ်လက်ရာ ရှေးဟောင်းစေတီနှင့် အဆောက်အအုံများမှာ လက်ရှိအချိန်တွင် ပြိုကျပျက်စီးမည့် အခြေအနေ ရင်ဆိုင်နေရပြီး ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ရန်အတွက် ကုန်ကျစရိတ်တွက်ချက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

အမရပူရခေတ် ဘိုးတော်ဘုရား လက်ထက်က တည်ဆောက်ခဲ့သည့် လင်းဇင်းကုန်း သုသာန်ဟောင်း အတွင်းမှ ရှေးဟောင်းစေတီနှင့် သာသနိက အဆောက်အအုံများကို ယခင်အစိုးရလက်ထက် အတွင်းက တူးဖော်သုတေသန ပြုလုပ်ကာ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သော်လည်း အခြေအနေ အကြောင်းကြောင်းကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားခဲ့ရသည်မှာ ယခုအချိန်အထိဖြစ်ကြောင်း၊ ထိုသို့ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် ရှေးဟောင်း အဆောက်အအုံများမှာ ကြံ့ခိုင်မှုအားနည်းလာပြီး ပြိုကျပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သည့် မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

“လင်းဇင်းကုန်းအတွင်းက ရှေးဟောင်းအဆောက်အအုံတွေ ပြုပြင်ထိန်းသိမ်းနိုင်ဖို့အတွက် ဘယ်လောက် ကုန်ကျနိုင်မလဲဆိုတာ တွက်ချက်ခိုင်းထားတာကြောင့် ကုန်ကျစရိတ်တွက်ချက်ပြီး ရှေးဟောင်းဌာနကို တင်ပြထားပါတယ်။ မကြာခင်မှာတော့ ထိန်းသိမ်းသွားနိုင်မယ်လို့ ထင်ပါတယ်။ အဆောက်အအုံတွေက မိုးတွင်းကာလမှာ အချိန်မီ ထိန်းသိမ်းနိုင်မှု မရှိဘူးဆိုရင် ပြိုကျသွားတော့မှာ။ စေတီရဲ့ အနောက်ဘက်မှာရှိတဲ့ တိုင်ဆိုရင် အောက်ခြေက ခံနိုင်အားမရှိလို့ ဒေါက်တိုင်တွေနဲ့ ကူထောက်ထားရတယ်။ သူ့ကိုအချိန်မီ မထိန်းသိမ်းနိုင်ဘူးဆိုရင် မကြာခင်မှာ ပြိုလဲတော့မှာပါ။ ဒါကြောင့် ပြိုကျပျက်စီးနိုင်မယ့် အဆောက်အအုံတွေကို အမြန်ဆုံး ပြုပြင်ထိန်းသိမ်းခွင့်ရဖို့ အရေးကြီးပါတယ်” ဟု မြန်မာမှု ဗိသုကာပညာရှင် ဦးဝင်းမောင် (တမ္ပ၀တီ) က ပြောကြားသည်။

“အမရပူရ ရှေးဟောင်းစေတီတော်နဲ့ အဆောက်အအုံတွေ အချိန်မီပြုပြင် ထိန်းသိမ်းခွင့် ရရှိဖို့အတွက် ပြီးခဲ့တဲ့ တစ်ပတ်ကပဲ မန္တလေးရှေးဟောင်းဌာနကနေ နေပြည်တော်ကို တင်ပြထားတယ်လို့ သိရပါတယ်။ ဒါတွေကို ပြုပြင်ထိန်းသိမ်းသွားမှာက ဘယ်အဖွဲ့အစည်းမှ ပါဝင်မှာ မဟုတ်ဘဲ ကျွန်တော့်အနေနဲ့ အလှူငွေ ပေးအပ်လှူဒါန်းပြီး  ပြုပြင်ထိန်းသိမ်းဖို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ လက်ရှိ မူလပျက်ပုံအတိုင်းပိုပြီးတော့ မပျက်စီးသွားစေဖို့ ပြုပြင်ထိန်းသိမ်းဖို့ လုပ်ဆောင်သွားမှာပါ” ဟု ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရန် အလှူငွေပေးအပ် လှူဒါန်းမည့် ဦးအောင်ကိုလင်းက ပြောကြားသည်။

အမရပူရမြို့နယ် လင်းဇင်းကုန်းသုသာန်အတွင်းရှိ ဘိုးတော်ဘုရားလက်ထက်က တည်ဆောက်ခဲ့သည့် ရှေးဟောင်းအဆောက်အအုံများမှာ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှု မပြုလုပ်နိုင်ခဲ့သဖြင့် လက်ရှိတွင် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အဆိုပါ အမရပူရခေတ်လက်ရာ အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) က ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားကြောင်း သိရသည်။

June 17, 2018














Copy Protected by Chetan's WP-Copyprotect.