၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ဆွေးနွေးမည့် လုံခြုံရေးကဏ္ဍအောက်ရှိ အကြောင်းအရာများ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘော ရွေးချယ်

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ဆွေးနွေးမည့် လုံခြုံရေးကဏ္ဍအောက်ရှိ အကြောင်းအရာများ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အလွတ်သဘော ရွေးချယ်
Published 17 June 2018

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင်ဆွေးနွေးမည့် လုံခြုံရေးကဏ္ဍအောက်ရှိ အကြောင်းအရာများအတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအလွတ် သဘောရွေးချယ်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။

အစိုးရ၊ တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များပါဝင်သည့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောတွေ့ဆုံပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC) တွင် ဇွန် ၁၆ ရက်က  ပြုလုပ်သည်။

လာမည့်ပင်လုံအစည်အဝေးတွင် ဆွေးနွေးမည့် လုံခြုံရေးကဏ္ဍအောက်ရှိ အကြောင်းအရာများကို ယင်းအလွတ်သဘောတွေ့ဆုံပွဲတွင် ရွေးချယ်ခြင်းဖြစ်သည်။

“အဓိက,ကတော့ လုံခြုံရေးကဏ္ဍမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေအတွက် ပြင်ဆင်တာပဲလေ။ အသေးစိတ်ပြောဖို့တော့ နှစ်ဖက်သဘောထားအရတော့ အခက်အခဲရှိတာပေါ့နော်။ လာမယ့်ညီလာခံမှာ လုံခြုံရေးကဏ္ဍအတွက် ညှိနှိုင်းပြင်ဆင်တဲ့အနေအထားလောက်ပါပဲ။ အကြောင်းအရာတွေ သတ်မှတ်တာရှိတယ်။ လုံခြုံရေးကဏ္ဍအတွက် ဆွေးနွေးရမယ့်ကိစ္စတွေရှိတယ်။ နှစ်ဖက်အမြင် သဘောထားဖလှယ်တယ်” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

လုံခြုံရေးကဏ္ဍကို ပြီးခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံများတွင် ဆွေးနွေးခြင်း မပြုဘဲ ယခုလာမည့် တတိယအကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် စတင်ဆွေးနွေးမည်ဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၊ UPDJC အတွင်းရေးမှူးအစည်းအဝေးနှင့် လုပ်ငန်းကော်မတီအစည်းအဝေးတို့ ကျင်းပမည့်ရက်များကို မကြာမီသတ်မှတ်နိုင်မည်ဖြစ်ကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။

အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား မေလကုန်ပိုင်းကပြုလုပ်ခဲ့သည့် နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောတွေ့ဆုံပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဇွန်လကုန်သို့မဟုတ် ဇူလိုင်လဆန်းတွင်ပြုလုပ်ရန် ဘုံသဘောထား စုစည်းနိုင်ခဲ့သည်။

သို့သော် ယင်းတွေ့ဆုံပြီးနောက် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ဇူလိုင်လလယ် တွင်ကျင်းပရန်အတွက် အစိုးရသို့ စာပေးပို့ထားကြောင်း သိရသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးတွင်ဆွေးနွေးမည့် ကဏ္ဍအလိုက်အကြောင်းအရာများအတွက် ပြင်ဆင်နေကြသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအစည်းအဝေးများတွင် ကဏ္ဍအလိုက်ဆွေးနွေးမည့် ခေါင်းစဉ်ငါးခုမှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် မြေယာ နှင့် သဘာဝပတ်ဝန်းကျင်တို့ဖြစ်သည်။

Most Read

Most Recent