ရသင့်ရထိုက်သော အခွန်ပမာဏနှင့် ရနေသည့်အခွန်ပမာဏ ကွာခြားချက်များရှိနေကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား

ရသင့်ရထိုက်သော အခွန်ပမာဏနှင့် ရနေသည့်အခွန်ပမာဏ ကွာခြားချက်များရှိနေကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား
Published 17 June 2018

အစိုးရအနေဖြင့် ရသင့်ရထိုက်သော အခွန်ပမာဏနှင့် ရနေသည့် အခွန်ပမာဏသည် ကွာခြားချက်များရှိနေကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဇွန် ၁၃ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများအား ပြောကြားသည်။

“ပြင်ပ အဖွဲ့အစည်းတွေကတော့ သူတို့ခန့်မှန်းချက်နဲ့ နိုင်ငံတော်က တကယ်ရတဲ့ငွေနဲ့ အဲဒီလိုကွာကြတယ်။ ကွာတယ်ဆိုတာကလည်း သဘာဝကျပါတယ်။ တကယ်ရတာက ဒီလောက်ပဲရတယ်။ ရသင့်တာက ဒီလောက်ရ တယ်။ ဥပမာ အခွန်မကောက်နိုင်ဘဲ လွတ်နေတဲ့ တရားမဝင်ကုန်သွယ်မှုတွေ ဘာတွေ ကျောက်စိမ်းတွေ ခိုးထွက်သွားတယ်။ သစ်တွေ ခိုးထွက်သွားတယ်။ ဒါတွေဆိုရင် မရဘူး။ နိုင်ငံတော်က ဘာမှမရလိုက်ဘူး။ ခိုးထွက်သွားတယ်။ တကယ်တမ်း ဟိုဘက်နိုင်ငံရောက်သွားတယ်။ ဒါတွေက ရသင့်တာတွေ မရဘူး။ ဒါမျိုးတွေ ဖြစ်လိမ့်မယ်။ ဒါတွေက သူ့ခန့်မှန်း ချက်နဲ့ သူရှိလိမ့်မယ်။ တိတိကျကျခန့်မှန်းဖို့ ခက်ပါတယ်။ အဖွဲ့အစည်းတွေကတော့ အခြားသောနိုင်ငံတွေက စာရင်းတွေကိုပါ ကြည့်ပြီးတော့မှ ခန့်မှန်းတာမျိုးတွေဖြစ်တယ်။ ကိန်းဂဏန်းအရတော့ ခန့်မှန်းချက်တွေ ယူဆချက် တွေသာဖြစ်တယ်။ အတည်ပြုလို့ မရဘူး။ Informal နဲ့ Formal  နဲ့က ဒီလိုပဲကွာနေမှာ။ ဖြစ်ရပ်ကတော့ တကယ်ရှိတာပေ့ါ။ Informal က ရှိနေတယ်”  ဟု ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ထို့ပြင် အခွန်မရသည့် နယ်ပယ်များတွင် တရားမဝင် မှောင်ခိုလုပ်ငန်းများသာမက ကုန်သွယ်မှုကဏ္ဍအပါအဝင် ကုန်သွယ်လုပ်ငန်းခွန်ကောက်သည့် စားသောက်ဆိုင်များတွင် အခွန်ပေးသည့် ဆိုင်များရှိသကဲ့သို့ မပေးသည့် ဆိုင်များလည်းရှိပြီး အဆိုပါကိစ္စများကို အခွန်ရအောင်ကြိုးစားပြီး လုပ်ဆောင်နေကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ဒီလိုနိုင်ငံတော်ရဲ့ တန်ဖိုးရှိတဲ့ အရင်းအမြစ်တွေကနေပြီး ဗုံးပေါလအော သုံးခွင့်ရနေပါလျက်နဲ့ နိုင်ငံတော်ကို တိကျတဲ့ အခွန်ပေးဆောင်ဖို့ကို ကြပ်ကြပ်မတ်မတ်ရှိဖို့တော့ အရေးတကြီး လိုအပ်လျက်ရှိပါတယ်။ ဆင်းရဲသား ပြည်သူလူထုနဲ့ လူလတ်တန်းစားကို ဝန်ပိစေခြင်း မရှိတဲ့ အခွန်နှုန်းထားနဲ့ အခွန်ချဲ့ထွင်ခြင်းကိုသာ အဓိကထားလုပ်ဆောင်သင့်ပါတယ်” ဟု ကျောက်တန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက လွှတ်တော်အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာပြည်သူလူထုသည် အလွန်အပေး အကမ်းရက်ရောကြသူများဖြစ်ပြီး အများပြည်သူအကျိုးရှိမည့် ကိစ္စရပ်များနှင့် လူမှုရေးကိစ္စရပ်များတွင် ထောက်ပံ့ပေးလိုကြကြောင်း၊ ကမ္ဘာ့ပေးကမ်းမှု ညွှန်းကိန်း၏ ထိပ်ဆုံးတွင်ရပ်တည်နေပြီး နိုင်ငံသားများပေးကမ်းမှုရက်ရောပြီး နိုင်ငံသားတာဝန်ဟု သဘောပေါက်ထားပါ လျက် မည်သည့်အတွက်ကြောင့် အခွန်ရရှိမှု လျော့နည်းနေသည်ကို လေ့လာရန်လိုအပ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

Most Read

Most Recent