လိုင်စင်ရလုပ်ငန်း မဟုတ်သော ပုဂ္ဂိုလ်အဖွဲ့အစည်းများက Online Application များဖြင့် တရားမဝင် ဝန်ဆောင်မှုများ ဆောင်ရွက်နေကြောင်း တွေ့ရှိပါက လောင်းကစားဥပဒေဖြင့် အရေးယူနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေ

လိုင်စင်ရလုပ်ငန်း မဟုတ်သော ပုဂ္ဂိုလ်အဖွဲ့အစည်းများက Online Application များဖြင့် တရားမဝင် ဝန်ဆောင်မှုများ ဆောင်ရွက်နေကြောင်း တွေ့ရှိပါက လောင်းကစားဥပဒေဖြင့် အရေးယူနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေ
Published 17 June 2018

မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် တင်သွင်းသည့် ရှမ်းကိုးမီး ဖဲကစားနည်း (ခေါ်) Shan Koe Mee Zingplay အား တွေ့ရစဉ် (ဓာတ်ပုံ - Shan Koe Mee Zingplay Facebook Page)

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရကုမ္ပဏီများက လောင်းကစားဥပဒေနှင့် ငြိစွန်းသည့် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း အထောက်အထား ခိုင်လုံပါက ဆက်သွယ်ရေးဥပဒေ၊ လောင်းကစား ဥပဒေများနှင့် အရေးယူနိုင်သည့်အပြင် လိုင်စင်ရလုပ်ငန်း မဟုတ်သော အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ Online Application များဖြင့် တရားမဝင် ဝန်ဆောင်မှုများ ဆောင်ရွက်နေကြောင်း တွေ့ရှိပါက လောင်းကစားဥပဒေ၊ တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ဇွန်လ ဒုတိယပတ်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင်က မြန်မာနိုင်ငံအတွင်း လက်ကိုင်ဖုန်း၊ Facebook မှတစ်ဆင့် ကြော်ငြာစည်းရုံးပြီး ကျောင်းသား လူငယ်များနှင့် ပြည်သူများအကြား ထိုးဖောက် ဝင်ရောက်လာသည့် လောင်းကစားနည်း တစ်မျိုးဖြစ်သော ရှမ်းကိုးမီး ဖဲကစားနည်း (ခေါ်) Shan Koe Mee Zingplay သည် ပြည်သူများထံမှ လောင်းကြေးငွေများကို နည်းအမျိုးမျိုးဖြင့် ရယူနေပါသဖြင့် အဆိုပါလောင်း ကစားနည်းကို တားမြစ်ပိတ်ပင်ရန်နှင့် လောင်းကစားဒိုင်များကို ထိရောက်စွာ ဖော်ထုတ်အရေးယူရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ဒုတိယဝန်ကြီး ဦးကျော်မျိုးက “မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများ အပါအဝင် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရ ကုမ္ပဏီတွေက လောင်းကစားဥပဒေနဲ့ ငြိစွန်းတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ အထောက်အထား ခိုင်လုံပါက ဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၅၇ အရ စီမံခန့်ခွဲရေးဆိုင်ရာ နည်းလမ်းတွေနဲ့ အရေးယူနိုင်တဲ့နည်းတူ ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့လည်း လောင်းကစားဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် လိုင်စင်ရလုပ်ငန်း မဟုတ်သော အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေက Online Application တွေနဲ့ တရားမဝင် ဝန်ဆောင်မှုတွေ ဆောင်ရွက်နေတယ်လို့ စိစစ်တွေ့ရှိရပါက ပြည်ထဲရေး ဝန်ကြီးဌာနမှ လောင်းကစား ဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု  ပြောကြားသည်။

 

Most Read

Most Recent