မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ရှိနေဆဲဖြစ်ပြီး ပုသိမ်-ချောင်းသာ လမ်းတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် နေအိမ်အချို့ ရေစီးနှင့်မျောပါ

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများ ရှိနေဆဲဖြစ်ပြီး ပုသိမ်-ချောင်းသာ လမ်းတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် နေအိမ်အချို့ ရေစီးနှင့်မျောပါ
Published 17 June 2018

မင်းဘူး (စကု) မြို့အတွင်း ရေဝင်နေသည့် နေအိမ်များကို ဇွန် ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူငြိမ်း)

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ရေကြီးရေလျှံမှုများရှိနေဆဲဖြစ်ပြီး ပုသိမ်-ချောင်းသာ လမ်းတစ်လျှောက် တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်အချို့ ရေစီးနှင့် မျောပါခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း မြို့နယ်အများစုတွင် မိုးရပ်သွားသည်မှာ နှစ်ရက်ကျော်ပြီ ဖြစ်သော်လည်း ချောင်းများတွင် ရေပြည့်ရေလျှံ စီးဆင်းနေမှုကြောင့် ရေဘေးရှောင် ပြည်သူများ နေအိမ်များသို့ မပြန်နိုင်သေး

မကွေးတိုင်း ဒေသကြီးအတွင်း မြို့နယ်အများစုတွင် ဇွန် ၁၄ ရက်မှစ၍ ဇွန် ၁၆ ရက်အထိ မိုးရွာသွန်းမှု ရပ်သွားသော်လည်း မုန်း၊ မန်း စသည့်ချောင်းများတွင် ရေပြည့်ရေလျှံ စီးဆင်းမှုကြောင့် ရေဘေးရှောင် ပြည်သူများ နေအိမ်များသို့ မပြန်နိုင်သေးကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဇွန် ၉  ရက်မှ ဇွန် ၁၄ ရက်အထိ မိုးရက်ဆက် ရွာသွန်းမှုကြောင့် ချောင်းများ အားလုံးနီးပါးတွင် ရေပြည့်ရေလျှံ စီးဆင်းခဲ့ကြောင်း၊ ရခိုင်ရိုးမ၏ အရှေ့ဖျားဆုံး တောင်တန်းများနှင့် ချင်းတောင်တန်းများပေါ်တွင် အခြေတည်စီးဆင်းသည့် မုန်း၊ မန်းချောင်းတို့တွင် ရေပြည့်ရေလျှံ စီးဆင်းမှုကြောင့် ထိုချောင်းများနံဘေးဝဲယာရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် ရေဝင်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ဇွန် ၁၁ ရက်မှစ၍ လူနှင့်တိရစ္ဆာန်များ ရေဘေးလွတ်ရာ ရှောင်နေခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့ပေါ်မှာ ဇွန် ၁၄ ရက်က ရေထပ်တက်လာတာကြောင့် ဒီနေ့ ဇွန် ၁၆ ရက်အထိ ရေဘေးရှောင်စခန်း ၁၀ ခုလောက်မှာ လူဦးရေ ၆၀၀ ကျော်လောက်ရှိ နေဆဲပါပဲ။ သူတို့အတွက် သက်ဆိုင်ရာဌာနနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ၊ မြို့ပေါ်နေပြည်သူတွေက စားသောက်စရာနဲ့ ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့ပါတယ်” ဟု စကုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်မင်းက ပြောကြားသည်။

စကုမြို့ ဆွမ်းလောင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ အများပြည်သူ လှူဒါန်းထားတဲ့ ဆန်၊ ဆီ၊ ဟင်းချက်စရာတွေနဲ့ ရေဘေးရှောင် ပြည်သူတွေအတွက် နေ့စဉ်ချက်ပြုတ် ပေးနေကြပါတယ်။ တစ်နေ့ကို ထမင်းတစ်နပ်စာအတွက် ဆန်လေးတင်းခွဲလောက် ချက်ရပါတယ်။ ကြက်ဥဆိုရင် အလုံး ၄၀၀ ကျော်လောက် ချက်ရပါတယ်။ စကုမြို့မှာ မန်းချောင်းက နှစ်စဉ်ရေတက်နေကျ ဆိုပေမယ့် အခုနှစ် ရေတက်တဲ့ ပမာဏက အများဆုံးပါပဲ။ ရေပြန်ကျဖို့ နောက်ထပ်သုံးရက်လောက် ကြာဦးမယ်လို့ မှန်းဆရပါတယ်” ဟု ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း မိုးရက်ဆက်ရွာသွန်း၍ ချောင်းများရေလျှံမှုကြောင့် သီးနှံစိုက်ခင်း ပျက်စီးမှုများ၊ လမ်း၊ တံတား ပြိုပျက်မှုများလည်း ရှိခဲ့ကြောင်း၊ ရေကြီးရေလျှံမှုကြောင့် မကွေးတိုင်းအတွင်း လူငါးဦး သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း၊ မကွေး၊ မင်းဘူးမြို့များတွင် သက်တမ်းရင့် သစ်ပင်ကြီးများ ပြိုလဲမှုကြောင့် ကား၊ ဆိုင်ကယ်နှင့် လူများထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရသည်။

မုန်းချောင်းနှင့် မန်းချောင်းပေါ်ရှိ ဆည်တမံကြီးများတွင် ဇွန် ၁၅ ရက်မှစ၍ ရေလျော့ကျလျက် ရှိသော်လည်း ထိုဆည်များအောက်ဘက်တွင် ချောင်းရေများ အလုံးအရင်းဖြင့် စီးဆင်းဆဲဖြစ်ကြောင်း၊ မကွေးတိုင်းအတွင်း ရေကြီးရေလျှံမှုကြောင့် ရေဘေးရှောင်ပြည် သူစုစုပေါင်း ၇၀၀၀ ကျော်ရှိသည်ဟု မကွေးတိုင်း လူကယ်ပြန်ဌာနတွင် စာရင်းရရှိထားသော်လည်း အမှန်တကယ်တွင် ထိုပမာဏထက် ပိုများမည် ဖြစ်ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာဌာန တာဝန်ရှိသူများထံမှ သိရသည်။

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် မြို့ကြီးအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး ပုသိမ်ချောင်းသာ ကားလမ်းမတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းများ ပျက်စီးခြင်း၊ ကျေးရွာများ ရေနစ်မြုပ်ခြင်း၊ နေအိမ်အချို့ တောင်ကျရေဖြင့် မျောပါခြင်းများ ဖြစ်ပေါ်

ပုသိမ်-ချောင်းသာ ကားလမ်းတစ်လျှောက်အနီး ကျေးရွာအချို့တွင် တောင်ကျရေ စီးဆင်းမှုကြောင့် ကျေးရွာအချို့ ရေနစ်မြုပ်နေသည့်မြင်ကွင်း (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီးနောက် မြို့ကြီးအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီး ပုသိမ်-ချောင်းသာ ကားလမ်းမတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းများ ပျက်စီးခြင်း၊ ကျေးရွာများ ရေနစ်မြုပ်ခြင်း၊ နေအိမ်အချို့ တောင်ကျရေဖြင့် မျောပါခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာစသည့် မြို့ကြီးများတွင် ဇွန် ၁၅ ရက် နံနက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ပုသိမ်-ချောင်းသာ ကားလမ်းမတစ်လျှောက် တောင်ကျရေစီးဆင်းမှုကြောင့် လမ်းပိုင်းများ ရေကျော်ပျက်စီးခြင်း၊ ကျေးရွာများ ရေနစ်မြုပ်ခြင်း၊ နေအိမ်အချို့ တောင်ကျရေဖြင့် မျောပါပျက်စီးခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုသိမ်မြို့နှင့် မြောင်းမြမြို့တွင် ယခင်နှစ်များက တစ်ကြိမ်တစ်ခါမျှ ရေနစ်မြုပ်ခဲ့ဖူးခြင်းမရှိသည့် မြို့ပေါ်ရပ်ကွက် အများစု ရေဝင်နစ်မြုပ်ခဲ့ရကြောင်း၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များနှင့် လူမှုရေး အဖွဲ့အစည်းများက ရေစီးရေလာ ကောင်းမွန်ရေး လုပ်ဆောင်လျက်ရှိပြီး ရေဝင်နေမြုပ်နေသည့် နေအိမ်များမှ ပြည်သူများအား ကယ်ဆယ်ကူညီမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ပုသိမ်-ချောင်းသာ ကားလမ်းမ တစ်လျှောက်တွင်လည်း တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းငါးနေရာခန့်တွင် တောင်ကျရေ ကျော်ဝင်ရောက်နေပြီး ချောင်းသာကမ်းခြေသို့ သွားရောက်သည့် ခရီးသည်ယာဉ်ကြီးများနှင့် အိမ်စီးကားငယ်များ ဖြတ်သန်းမရခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ရှော်ပြာကျေးရွာအုပ်စုနှင့် ချောင်းသာ ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာအချို့တွင် တောင်ကျရေ ဝင်ရောက်မှုကြောင့် နေအိမ်နှစ်လုံး အိမ်ထဲမျောပါခြင်း၊ နေအိမ်များ ရေနစ်မြုပ်နေပြီး ရေစီးအား ပြင်းထန်မှုကြောင့် တစ်နေရာမှ တစ်နေရာသို့ သွားလာ၍ မရဘဲ အပင်များပေါ်တွင် နေထိုင်နေရခြင်း ဖြစ်နေသည်ကို တွေ့ရှိရသည်။

ပုသိမ်-ချောင်းသာကားလမ်းတစ်လျှောက် တောင်ကျရေ စီးဆင်းမှုကြောင့် လမ်းပိုင်းအချို့ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

“ကျွန်တော်တို့ မြို့နယ်ကနေ သတင်းရလို့ အခုချက်ချင်း ဆင်းလာတာပါ။ ယာယီ ကယ်ဆယ်ရေးစခန်းကို ရွှေ့ပြောင်းထားရတာ လူပေါင်း ၁၇၀ လောက် ရှိတယ်လို့ ကြားပါတယ်။ အခုဆန်အိတ်နဲ့ ရေသန့်ဘူးတွေကို ထောက်ပံ့ဖို့ ဆင်းလာတာပါ။ ဒီရောက်မှ သတင်းကြားရတာဆို ရေထဲမျောပါတဲ့ နေအိမ်နှစ်လုံးလောက် ရှိတယ်လို့ ကြားရပါတယ်။ ရေကြီးတာက မြန်အောင်တို့ ကြံခင်းတို့မှာ စဖြစ်ခဲ့တာပါ။ အဲဒီမှာလည်း ဆန်ရိက္ခာတွေ ထောက်ပံ့ခဲ့ပါတယ်။ မိုးက ဒီနေ့နဲ့ မနေ့က မိုးအရမ်းများတော့ တောင်ကျချောင်းရေက အရမ်းများလို့ အခု ရေကြီးရေလျှံမှုတွေတော့ ဖြစ်ပေါ်နေပါတယ်။ ကျွန်တော်တို့လည်း ကူညီထောက်ပံ့ဖို့ အလျင်အမြန် ကြိုးစားနေပါတယ်” ဟု ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုးက ပြောကြားသည်။

ပုသိမ်-ချောင်းသာ ကားလမ်းမ တစ်လျှောက်တွင် ကားပိုင်းများ ရေကျော်ဝင်ရောက်နေမှုကြောင့် ခရီးသွားအချို့ လမ်းပိုင်းများတွင် ပိတ်မိနေပြီး ခရီးသည်များ ယာယီတည်းခို နေထိုင်နိုင်ရန် အဆောက်အအုံများ ဆောက်လုပ်နေရပြီး ထမင်းထုပ်များနှင့် ရေသန့်ဘူးများကို ဒေသဆိုင်ရာ တာဝန်ရှိသူများက စီမံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ခဲ့သဖြင့် ရေဝင်နစ်ခဲ့သော သောက်သုံးရေကန်များအား ရေစုပ်စက်များဖြင့် စုပ်ထုတ်သန့်စင်ရန် အကူအညီများ လိုအပ်နေ

မင်းပြားမြို့နယ် အတွင်းရှိ သောက်သုံးရေကန်တွင် ရေများလွှမ်းနေစဉ်

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ခဲ့သဖြင့် မင်းပြားမြို့နယ်အတွင်း ရေဝင်နစ်မြုပ်သွားခဲ့သော သောက်သုံးရေကန်များကို ရေစုပ်စက်များဖြင့် စုပ်ထုတ်သန့်စင်ရန် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ရေဝင်နစ်မြုပ်ခဲ့သော သောက်သုံးရေ ကန် ၃၀-၄၀ ခန့်ရှိရာ ယင်းရေကန်များမှ ရေဆိုးများကို စက်ဖြင့်စုပ်ထုတ်ပြီး မိုးရေပြန်လည် ဖြည့်တင်းနိုင်ရန် စီစဉ်ထားမှသာ နွေရာသီတွင် သောက်သုံးရေ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် မင်းပြားမြို့ အထက်ပိုင်းရှိ ဖုန်သာချောင်း၊ ပန်းမြောင်းကြီးချောင်း ဝဲယာရှိ ကျေးရွာများမှ ရေကန်များအား တူးဖော်သန့်စင်ရန် လိုအပ်နေခြင်း ဖြစ်ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသူ ဦးသန်းရွှေထံမှ သိရသည်။

“ရေကတော့ ကျသွားပြီ။ ဒါပေမဲ့ ရေဝင် နစ်မြုပ်သွားခဲ့တဲ့ သောက်သုံးရေကန်တွေကို အမြန်ဆုံး တူးဖော်ဖို့ လိုအပ်တယ်။ ရေဆိုးတွေကို ရေစုပ်စက်တွေနဲ့ စုပ်ထုတ်ပြီး ကန်ကိုသန့်ရှင်းအောင် လုပ်ပြီးမှ မိုးရေပြန်ဖြည့်မယ်ဆိုရင် အချိန်လည်း ရသေးတယ်။ နွေရာသီ အတွက်လည်း သောက်သုံးရေ အဆင်ပြေမှာ ဖြစ်တယ်။ အဓိကတော့ ရေကန်တူးဖော်ဖို့ ရေစုပ်စက်ပေါ့။ အဲဒါတွေ လိုအပ်တယ်။ တခြားအစားအသောက် တွေကတော့ သိပ်ပြီး အခက်အခဲ မရှိပါဘူး” ဟု ဦးသန်းရွှေက ပြောကြားသည်။

မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဇွန် ၁၄ ရက်နှင့် ၁၅ ရက်တွင် မင်းပြားမြို့နယ်အတွင်း ကျေးရွာပေါင်းများစွာ ရေနစ်မြုပ်ခဲ့သဖြင့် ထောင်နှင့်ချီသော ဒေသခံများ နေရာရွှေ့ပြောင်း နေထိုင်ခဲ့ရကြောင်း သိရသည်။

ယခုအခါတွင် ရေကျသွားပြီဖြစ်သည့်တိုင် စားဝတ်နေရေးထက် သောက်ရေကန်များကို တူးဖော်သန့်စင်ခြင်းမှာ လွန်စွာအရေးကြီးကြောင်းနှင့် လက်ရှိအနေအထားတွင် လူမှုအဖွဲ့အစည်း များကလည်း တစ်နိုင်တစ်ပိုင် ရေစုပ်စက်များဖြင့် ရေကန်များမှ ရေဆိုးများကို ထုတ်ပယ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

 

Most Read

Most Recent