ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝတွင် တွေ့ရှိသော ဘင်္ဂါလီ ၉၂ ဦးအား လှဖိုးခေါင်ကြားစခန်းမှ တစ်ဆင့် ကျေးရွာအလိုက် နေရပ်များသို့ ပို့ဆောင်ပေးခဲ့

ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝတွင် တွေ့ရှိသော ဘင်္ဂါလီ ၉၂ ဦးအား လှဖိုးခေါင်ကြားစခန်းမှ တစ်ဆင့် ကျေးရွာအလိုက် နေရပ်များသို့ ပို့ဆောင်ပေးခဲ့
Published 17 June 2018

လှဖိုးခေါင်ကြားစခန်းတွင် ရောက်ရှိနေသော ဘင်္ဂါလီများအား ဇွန် ၁၅ ရက်က တွေ့ရစဉ်

ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝတွင် တွေ့ရှိသော လှေစီးဒုက္ခသည် ဘင်္ဂါလီ ၉၂ ဦးကို လှဖိုးခေါင်ကြားစခန်းမှ တစ်ဆင့် ကျေးရွာအလိုက် နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီ ၉၂ ဦးအား ဇွန် ၁၅ ရက် က ၎င်းတို့၏ မူလကျေးရွာများဖြစ်သော မောင်တောခရိုင်မှ ကျေးရွာများသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘင်္ဂါလီများအနက် ဘူးသီးတောင် အနောက်ရပ်ကွက်မှ သုံးဦး၊ သိမ်တောင်နှစ်ဦး၊ နန်ရာကုန်းတစ်ဦး၊ ဝရကျွန်း တစ်ဦးနှင့် မောင်တောမြို့နယ် ငါးခူရကျေးရွာမှသုံးဦး၊ ကပ်ပကောင်းကျေးရွာမှ ခြောက်ဦး၊ အလယ်သံကျော် ကျေးရွာမှ ၁၀ ဦး၊ မြို့မကညင်တန်းမှ ဦးရေ ၄၀၊ မျောတောင်ကျေးရွာမှ လေးဦး၊ ကညင်တောမှ ၁၀ ဦး၊ ရပ်ကွက် ၅ (လသာ ရွာ) မှ ကိုးဦးနှင့် မင်္ဂလာကြီးကျေးရွာမှ သုံးဦးတို့ ပါဝင်ကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်တို့သည် ဇွန် ၁၅ ရက် နံနက်တွင် လှဖိုးခေါင်ကြားစခန်း၌ ရောက်ရှိနေသော လှေစီးဒုက္ခသည် ၉၂  ဦးကို တွေ့ဆုံ၍ စားနပ်ရိက္ခာ (ဆန်၊ ဆီ၊ ပဲ၊ ဆား) တစ်လစာနှင့် မီးဖိုချောင်သုံးပစ္စည်း (Kitchen Set) များ၊ အဆင်သင့် စားသုံးနိုင်သော ဒံပေါက်ထုပ်များနှင့် ခေါက်ဆွဲခြောက်ထုပ်များ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထို့ပြင် လှေစီးဒုက္ခသည်များကို လက်ရှိယာယီ နေထိုင်မှုအပြင် မူလနေရာ သို့မဟုတ် မူလနေရာနှင့် အနီးဆုံး နေရာများတွင် Cash of Work အစီအစဉ်ဖြင့် နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် စီစဉ်ပေးမည့် အခြေအနေ၊ တစ်ဖက်နိုင်ငံတွင် ကျန်ရှိနေသော မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းနိုင်မည့် အခြေအနေ၊ နိုင်ငံတော်မှ ကယ်ဆယ်ထောက်ပံ့မှု အခြေအနေများကို သိရှိနားလည်ပြီး နိုင်ငံတော်အပေါ် သစ္စာရှိရေးတို့ကို ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာအလိုက် နေရပ်များသို့ လိုက်လံပို့ဆောင် ပေးမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် အောင်ဗလချောင်းဝတွင် တွေ့ရှိသော ဘင်္ဂါလီ ၁၀၄ ဦးအား စိစစ်ရာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးနှင့် မောင်တောခရိုင်မှ ၉၂ ဦး ပါဝင်ကြောင်း သိရသည်။

လက်ရှိမောင်တောခရိုင် အတွင်းမှ ဘင်္ဂါလီများအား နေရပ်ပို့ဆောင်ခဲ့ပြီး ဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၂ ဦးအား သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်ရန်ရှိနေပြီး ဆောင်ရွက်ပြီးက စနစ်တကျ ပြန်လည်လွှဲပြောင်းမည် ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အတူ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ လိုက်ပါလျက် ဇွန် ၁၂ ရက် ညနေပိုင်းတွင် ငါးခူရ ပြန်လည်လက်ခံရေး စခန်းသို့ ရောက်ရှိပြီး ဘင်္ဂါလီများနှင့် တွေ့ဆုံရာတွင် ယခုကိစ္စသည် ဒုက္ခရောက်နေသူများအား မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကူညီခြင်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများအား သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်ရန်များ ဆောင်ရွက်ပြီးက စနစ်တကျ ပြန်လည်လွှဲပြောင်းမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ အမှန်တကယ် နေထိုင်ခဲ့သူများ ပါဝင်လျှင် စိစစ်ပြီး သက်ဆိုင်ရာ ဆွေမျိုးများရှိရာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ထိုသို့ စီစဉ်ဆောင်ရွက်နေစဉ် စခန်းအတွင်း စည်းကမ်းတကျ နေထိုင်ရန် လိုအပ်သည်ဟု ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇွန် ၁၁ ရက် နံနက်တွင် ရသေ့တောင်မြို့နယ်၊ အောင်ဗလချောင်းဝ၊ သာစည်ကျေးရွာအနီး ပင်လယ်ကမ်းစပ်တွင် ပျက်စီးနေသော စက်လှေတစ်စင်းနှင့်အတူ ဘင်္ဂါလီ ၁၀၄ ဦး (ကျား-၄၄၊ မ-၆၀) တို့အား စိစစ်တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် စိစစ်မှုများ ဆောင်ရွက်ခဲ့ရာ ၎င်းအထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးပါဝင်ပြီး ကျန် ၉၂ ဦးမှာ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ ဘင်္ဂါလီများဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent