<

ရန်ကုန်မြို့တွင်း ရထားပြေးဆွဲမှု အားလုံးကို ဗဟိုမှထိန်းချုပ်မည့်စနစ် တရားဝင်အသုံးပြုမှုစတင်

ရန်ကုန်မြို့ ဘုရားလမ်းဘူတာသို့ ဆိုက်ရောက်လာသော မြို့ပတ်ရထားတစ်စင်းကိုတွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်ဘူတာကြီးတွင် ၀င်ထွက်သွား လာနေသည့် ရထားပြေးဆွဲမှု အားလုံးကို ထိန်းချုပ်နိုင်မည့် ဗဟိုဌာနမှ ထိန်းချုပ်နိုင်သည့်စနစ်ကို ရန်ကုန်ဘူတာကြီးတွင် တရားဝင် စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဇွန် ၁၆ ရက်က ရန်ကုန်ဘူတာကြီးတွင် ပြုလုပ်သော “ရထားပြေးဆွဲမှုကို ဗဟိုဌာနမှ ထိန်းချုပ်သည့်စနစ်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ပစ္စည်းကိရိယာများ တပ်ဆင်အသုံးပြုခြင်း စီမံကိန်း၏ Electronic Interlocking System အသစ်တပ်ဆင်ပြီးနောက် တရားဝင် စတင်အသုံးပြုခြင်း အခမ်းအနား” တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

၁၉၅၄ ခုနှစ် ဇွန် ၅ ရက်မှစ၍ ရန်ကုန်ဘူတာကြီးကို စတင်ဖွင့်လှစ်ခဲ့ပြီး ဘူတာကြီး၏ သွားလာရေးစနစ်များ၊ အချက်ပြစနစ်များကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၆၄ နှစ် ကြာမြင့်နေပြီ ဖြစ်သည့်အတွက် ချို့ယွင်းမှုများ ရှိလာသောကြောင့် ဗဟိုဌာနမှ ထိန်းချုပ်သည့် Electronic Interlocking System အသစ်ကို တပ်ဆင်အသုံးပြုခြင်း ဖြစ်ကြောင်း သိရသည်။

“၁၉၅၄ မှာ Electron Mechanical Analogue System ကို သုံးခဲ့တယ်။ အဲဒီတုန်းက အင်္ဂလန်နိုင်ငံက စက်တွေကို သုံးခဲ့တာ။ လူအားနဲ့ ထိန်းချုပ်ခန်းမှာ Mechanicaling မောင်းတံတွေကို ဆွဲရတာ။ အချက်ပြကျတော့ လျှပ်မီးနဲ့ အချက်ပြရတာ။ အဲလိုနည်းနဲ့လုပ်ခဲ့တာ။ ၁၉၅၄ ကနေ နှစ်ပေါင်း ၆၄ နှစ်ရှိသွားပြီ” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ထိန်းချုပ်သည့်စနစ်ကို အသုံးပြုခြင်းဖြင့် ရထားများ အချိန်မှန် သွားလာနိုင်ခြင်း၊ ဗဟိုမှ ထိန်းချုပ်သည့်စနစ် ဖြစ်သည့်အတွက် တစ်နေရာတည်းမှ ထိန်းချုပ်နိုင်ခြင်းကြောင့် ရထားလမ်းကြောင်းများ မှားယွင်းမှု လျော့ချနိုင်ခြင်း၊ ပြည်သူများအတွက် လုံခြုံစိတ်ချမှုရှိသည့် စသည့်အားသာချက်များ ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစနစ် အသုံးပြုခြင်းကို ဂျပန်နိုင်ငံအစိုးရမှ ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။

မြန်မာ့မီးရထားတိုင်း(၇)မှ သွားလာရေးမန်နေဂျာ ဦးဇော်လွင်က “နှစ်ပေါင်း ၆၀ ကျော်ကြာလာပြီ ဖြစ်တဲ့အတွက် အဲဒီအချက်ပြတွေက ကြာလာတဲ့အခါ အချက်ပြမီးနီတာတွေ၊ ချို့ယွင်းမှုတွေ ဖြစ်တာပေါ့။ ဖြစ်တဲ့အခါမှာ ရထားတွေက မကြာခဏ ရပ်စောင့်ရတာတို့တွေ ဖြစ်လာတယ်။ အရင်တုန်းကတော့ ပွိုင့်တွေနဲ့ ပတ်သက်ရင် ရန်ကုန်ဘူတာကြီး တာဝါကနေပဲ မောင်းလေ့ရှိတယ်။ အလံချိုးတဲ့ ခလုတ်တွေ သုံးတယ်။ အလံချိုးတဲ့ ခလုတ်တွေကို ကျွန်တော်တို့က ဥပမာ- နံပါတ် (၁) လမ်းကို ရထားတစ်စီး သွင်းမယ်ဆိုရင် (၁) လမ်းနဲ့ ဆက်နွယ်နေတဲ့ လမ်းတွေအားလုံးကို ခလုတ်တွေ၊ မောင်းတံတွေ လိုက်ဆွဲရတာ။ (၁)လမ်းကို သွင်းမယ့်လမ်းမှာ ပွိုင့်က လေးခုလောက် ဖြတ်ရမယ်ဆိုရင် လေးခုကို လိုက်ဆွဲရတယ်။ အခုစနစ်ကျတော့ ကွန်ပျူတာစနစ်ကို ပြောင်းလိုက်တာ ဖြစ်တဲ့အတွက် (၁) လမ်းကို သွင်းမယ်လို့ အချက်ပြလိုက်ရင် သူ့လမ်းတွေက အကုန်လုံး (၁) လမ်းကို ဆင်းပြီးသား ဖြစ်သွားတယ်။ အရင်က ထက်စာရင် လုပ်ရကိုင်ရတာ လွယ်ကူလာတယ်။ ကွန်ပျူတာစနစ်တဲ့ ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် လုံခြုံမှုကလည်း အရင်ကထက် အားကောင်းလာတယ်။ ဒါက အားသာချက်ပေါ့” ဟု ၎င်းက ပြောကြားသည်။

အချက်ပြမီးပွိုင်းများ တပ်ဆင်ပြီးစီးမှုမှာ ရန်ကုန်-ပုဇွန်တောင် လမ်းပိုင်းတွင်သာ ပြီးစီးသေးကြောင်း ရန်ကုန်-ပုဇွန်တောင် လမ်းပိုင်းတွင် အချက်ပြမီးပွိုင့် ၈၁ ခု ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပတ် ရထားလမ်းအား နေ့စဉ်ရထားတွဲဆိုင်းကြီး ၂၅ ဆိုင်း နေ့စဉ်ခေါက်ရေ ၂၂၀ ပြေးဆွဲပေးနေပြီး ခရီးသည်အားဖြင့် နေ့စဉ်ကိုးသောင်းအထက် လိုက်ပါစီးနင်း လျက်ရှိကြောင်း သိရသည်။

 

June 16, 2018














Copy Protected by Chetan's WP-Copyprotect.