ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် JICA အကူအညီဖြင့် သွေးလှူဘဏ်ငယ်အသစ် တည်ထောင်ရန်စီစဉ်နေပြီး လျှပ်စစ်မီးလိုအပ်ချက်အတွက် ဆိုလာစနစ်တပ်ဆင်အသုံးပြုမည်

ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် JICA အကူအညီဖြင့် သွေးလှူဘဏ်ငယ်အသစ် တည်ထောင်ရန်စီစဉ်နေပြီး လျှပ်စစ်မီးလိုအပ်ချက်အတွက် ဆိုလာစနစ်တပ်ဆင်အသုံးပြုမည်
Published 17 June 2018

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဆေးရုံတွင် သွေးလှူဘဏ်ငယ်အသစ် တည်ထောင်ရေးအတွက် JICA အဖွဲ့ အကူအညီဖြင့် ဆောင်ရွက်နေပြီး လျှပ်စစ်မီးလိုအပ်ချက်အတွက်  ဆိုလာစနစ် တပ်ဆင်အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

“ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနဲ့ ရခိုင်ဒေသမှာ ဆေးရုံဆေးခန်းများသည် ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူတိုင်းအတွက် အကာအကွယ်ပေးထားတဲ့ နေရာတွေဖြစ်ကြောင်း အသိပေးကြေညာပြီး လူမျိုးဘာသာ မခွဲခြားဘဲ ဆေးကုသမှုတွေ ပေးနေပါတယ်။ လက်ရှိ စစ်တွေ၊သက္ကယ်ပြင်၊ မြောင်းဘွေ၊ ဘူး သီးတောင်၊ စေတီတောင်နဲ့ မောင်တောဆေးရုံတွေမှာ ဆေးကုသမှုတွေ ပေးနေပါတယ်။   လေးလအတွင်း ပြင်ပလူနာနဲ့အတွင်း  လူနာပေါင်း ၁၄၀၀၀ ကျော်ကို ဆေးကုသပေးပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ ဘူးသီးတောင်ဆေးရုံမှာ JICA အဖွဲ့ အကူအညီနဲ့ သွေးလှူဘဏ်ငယ်တစ်ခု လုပ်ဖို့ စီစဉ်နေပါတယ်” ဟု ရခိုင်ပြည်နယ်မြောက်ပိုင်း ရွေ့လျား ဆေးကုသမှု အစီအစဉ်တွင် ပါဝင်သည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်မြို့နယ်ဆေးရုံ၌ အချုပ်သားလူနာဆောင် (Guard Ward) တစ်ခု ထူထောင်နိုင်ရန်လည်း စီစဉ်ထားပြီး အကျဉ်းထောင်မှ လူနာများဆေးကုသရန် လိုအပ်ပါက လွှဲပြောင်းကုသနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီး၌ အချုပ်သားလူနာဆေးကုသမှု လုပ်ငန်းအတွက် အချုပ်သားလူနာဆောင်အား ကျား-မ ခွဲခြား၍ စီစဉ်ထားရှိပြီးဖြစ် ကြောင်း၊ စစ်တွေအကျဉ်းထောင်မှ လူနာများ အရေးပေါ်ကုသရန်နှင့် ဆေးရုံတက်ရောက်ရန် လိုအပ်ပါက စစ်တွေအထွေထွေရောဂါကု ဆေးရုံကြီးမှ လူနာတင်ယာဉ်ဖြင့်သွား ရောက်ခေါ်ဆောင်ပြီး ဆေးကုသပေးလျက်ရှိကြောင်းနှင့် ဘူးသီးတောင်မြို့နယ်ဆေးရုံ၌ အချုပ်သားလူနာဆောင်တစ်ခု ထူထောင်နိုင်ရန်အတွက် စီစဉ်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့အဖွဲ့အစည်းများအား ဘာသာရေး၊ လူမျိုးရေး၊ ကျား-မဆိုင်ရာ သို့မဟုတ် နိုင်ငံသားဖြစ်တည်မှုတို့အပေါ် အခြေခံသည့် ခွဲခြားမှုများ မပြုလုပ်ဘဲ ထိုအဖွဲ့အစည်းများအားလုံး တူညီသော ကျန်းမာရေးဆိုင်ရာ ဆေးကုသခွင့်များ တစ်ပြေးညီရရှိရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ဆေးရုံများအားလုံး၌ မည်သည့်လူမျိုးဖြစ်စေ၊ မည်သည့်ဘာသာ ကိုးကွယ်သည်ဖြစ်စေ၊ ကျား-မ ဖြစ်စေ၊ မည်သည့် နိုင်ငံသားဖြစ်စေ ဆေးကုသခွင့်ရရှိ ရေးအတွက်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံများနှင့် ကျန်းမာရေးဌာနများအားလုံးသို့ ညွှန်ကြားချက်များ ထပ်မံ ထုတ်ပြန်ရန်ရှိကြောင်း သိရသည်။

 

Most Read

Most Recent