ဟုမ္မလင်းမြို့နယ် မင်းသာယာကျေးရွာတွင် ချင်းတွင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ် ၁၃ လုံး ပြောင်းရွှေ့ခဲ့ရပြီး ကျန်ရှိနေအိမ်များပါ စိုးရိမ်နေရ

ကမ်းပြိုမှုများ ဖြစ်ပွားနေ၍ နေအိမ်များ ရွှေ့ပြောင်းရန် ပြင်ဆင်နေစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မင်းသာယာကျေးရွာတွင် ချင်းတွင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ် ၁၃ လုံး ပြောင်းရွှေ့ခဲ့ရပြီး ကျန်ရှိနေအိမ်များပါ ထပ်မံရွှေ့ပြောင်းရမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

“ဇွန်လ ၁၀ ရက်တုန်းက ကိုးလုံးလောက် အရင်ရွှေ့ရပြီး အခု ၁၅ ရက်မှာ သုံးလုံးလောက် ဆက်ရွှေ့ရတာ။ ကမ်းပြိုတာက တစ်နှစ်ပြီးတစ်နှစ် ဆိုးလာတယ်။ ရွာရှေ့ကမ်းပါးဘေးက အခင်းမြေတွေဆိုရင် ၂၀၁၅ ခုနှစ်လောက်ကတည်း အကုန်ပါသွားတာ စိုက်စရာဘာမှမကျန်တော့ဘူး။ ရွာစာသင် ကျောင်းလည်း မြစ်ကမ်းပါးပြိုကျလို့ မနှစ် ကရွှေ့ခဲ့ရပြီးပြီ။ စာသင်ကျောင်းရွှေ့တုန်း ကလည်း သက်ဆိုင်ရာကို အကြောင်းကြား အကူအညီတောင်းပေမဲ့ ဘာမှအကြောင်း မထူးလို့ ရွာက ကိုယ့်ဟာကိုယ်ဖျက်ပြီး ရွှေ့ခဲ့ ရတာ။ ရွာက အိမ်ခြေ ၁၀၀ လောက်ရှိပေမယ့် အများစုက ရေလုပ်သားဆင်းရဲသားတွေပဲ များတော့ မတတ်နိုင်ကြဘူး။ အခုလည်း ရွှေ့တယ်ဆိုပေမယ့် ရွှေ့ပြောင်းစရာ မြေနေရာမရှိတော့ နီးစပ်ရာ ဆွေမျိုးသားချင်း နေအိမ်တွေ၊ ကုန်းမြင့်တဲ့အခင်းကွက်တို့ အဲဒီမှာပဲ ယာယီရွှေ့ပြောင်းနေရတယ်။ အခုလည်း ဒါက ပထမရေတက်တဲ့အချိန်တောင် မရောက်သေးဘူး။ ကမ်းပါးတွေဆက်တိုက် ပြိုလာတော့ ဒီအတိုင်းဆို ကျန်တဲ့အိမ်တွေပါ စိုးရိမ်နေရတယ်” ဟု ဦးသန်းဦးက ဆိုသည်။

မင်းသာယာကျေးရွာသည် ဟုမ္မလင်းမြို့မှ ၁၀ မိုင်ခန့်ကွာဝေးပြီး ချင်းတွင်းမြစ် အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိကာ လွန်ခဲ့သော သုံးနှစ်ခန့်မှ စတင်၍ မိုးရာသီ ရေတက်ချိန်တွင် ရေနစ်မြုပ်ခြင်းကြောင့် ကယ်ဆယ်ရေး စခန်းများသို့ နှစ်စဉ်ပြောင်းရွှေ့ နေရကြောင်းနှင့် ရေလွတ်ကင်းသော ရွှေပြည်အေး မြို့သစ်တွင် နေရာချထားပေးစေလိုကြောင်း ဦးသန်းဦးက ပြောကြားသည်။

“မိုးတွင်းရေတက်ရင် နှစ်စဉ် အခုလိုပဲ ရေနစ်မြုပ်တာတို့၊ ကမ်းပါးပြိုတာတို့ကြောင့် အမြဲဒုက္ခရောက်တယ်။ မယ်ဇလီ၊ ခိုတောင် စတဲ့ တစ်ဘက်ကမ်း ကုန်းမြင့်တဲ့နေရာက ကယ်ဆယ်ရေးစခန်းကို ရွှေပြည်အေးက ကယ်ဆယ်ရေးအဖွဲ့တွေက မိသားစုတွေ၊ ကျွဲနွားတွေ နှစ်စဉ်ရွှေ့ပေးရတာ။ အဲဒီအတွက် နီးစပ်ရာ ရွှေ့ပြောင်းပြီး နေနိုင်တဲ့လူတွေကို ရွှေပြည်အေးမြို့သစ်မှာ နေရာကွက်သစ်လေး လျာထားပေးဖို့ ကျွန်တော်တို့ ပထမတော့ တင်ပြထားတာရှိတယ်။ အဲဒါကလည်း အခုထိ အကြောင်းမထူးသေးလို့ ဆက်ပြီးတင်ပြဖို့ လုပ်နေတယ်။ ရွာမှာက ရွှေ့ပြောင်းပြီး နေစရာမြေနေရာ မရှိတော့ဘူးလေ။ ကျွန်တော်တို့ ရွာတင်မကဘူး။ အနီးအနားရွာက အခင်းတွေ၊ လယ်တွေလည်း ကမ်းပါပြိုတဲ့အထဲပါလို့ ကုန်သလောက် ရှိနေပြီ။ ကျွန်တော်တို့ ရွာအထက်က ချမ်းသာကျွန်းရွာဆိုရင် တစ်ကျွန်းလုံး ကုန်သွားလို့ ရွာကိုရွှေပြည်အေး ပြောင်းပစ်ရတာ” ဟု ဦးသန်းဦးက ပြောကြားသည်။

Most Read

Most Recent