လူမှုရေးအသင်းအဖွဲ့အမည်ခံပြီး ဘာသာရေးနောက်ခံဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ ငွေကြေးခဝါချသူများ၊ ဥပဒေနှင့်မလွတ်ကင်းသော လုပ်ငန်းလုပ်ဆောင်သူများက အကာအကွယ်ယူဆောင်ရွက်လာကြကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား

လူမှုရေးအသင်းအဖွဲ့အမည်ခံပြီး ဘာသာရေးနောက်ခံဆောင်ရွက်သည့်အဖွဲ့အစည်းများ၊ ငွေကြေးခဝါချသူများ၊ ဥပဒေနှင့်မလွတ်ကင်းသော လုပ်ငန်းလုပ်ဆောင်သူများက အကာအကွယ်ယူဆောင်ရွက်လာကြကြောင်း တိုင်းဒေသကြီးဝန်ကြီး ပြောကြား
Published 17 June 2018

လူမှုရေးအသင်းအဖွဲ့အမည်ခံပြီး ဘာသာရေးနောက်ခံဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ ငွေကြေးခဝါသူများ၊ ဥပဒေနှင့် မလွတ်ကင်းသောလုပ်ငန်းများ လုပ်ဆောင်သူများမှ အကာအကွယ်ယူဆောင်ရွက်လာကြကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဇွန် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးခန်းမ(၄) ၌ အသင်းအဖွဲ့များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့ခြင်းများ အလွဲအသုံးချမခံရစေရေး အသိပညာပေးဆင့်ပွားဟောပြောပွဲတွင် ပြောကြားသည်။

“လူမှုရေးအသင်းအဖွဲ့အမည်ခံပြီး ဘာသာရေးနောက်ခံဆောင်ရွက်တဲ့အဖွဲ့အစည်းများ၊ ငွေကြေးခဝါချသူများ၊ ဥပဒေနဲ့ မလွတ်ကင်းသော လုပ်ငန်း လုပ်ဆောင်သူများက အကာအကွယ်ယူဆောင်ရွက်လာကြတာကို တွေ့ရပါတယ်။ အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများမှာ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အသင်းအဖွဲ့မှ ပယ်ဖျက်နိုင်သော်လည်း သီးခြားအရေးယူရန် ပြစ်ဒဏ်များပြဋ္ဌာန်းရေးဆွဲထားခြင်း မရှိသဖြင့် သက်ဆိုင်ရာဌာနများရဲ့အသင်းအဖွဲ့များမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အသင်းအဖွဲ့အများစုအနေနဲ့ လည်ပတ်သုံးစွဲသော ရန်ပုံငွေများကို စေတနာရှင်အများပြည်သူအလှူရှင်များရဲ့ အလှူငွေများမှ ရရှိတာကို တွေ့ရပါတယ်။ ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုတို့ကို ငွေကြေး ထောက်ပံ့မှုများ အလွဲသုံးချမခံရစေရေး အတွက် အသင်းအဖွဲ့များအား ဖိတ်ကြားပြီး အသိပညာပေးဟောပြောပွဲများ ပြည်ထောင်စုအဆင့် နေပြည်တော်မှာ ကျင်းပခဲ့ပြီး ယခု ရန်ကုန်တိုင်းဒေသကြီးတွင် ဆင့်ပွားဟော ပြောပွဲများကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်”ဟု ဝန်ကြီးက ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၌ မည်သူမဆို အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ရန် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊၂၀၁၄ ခုနှစ် အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ပြင်ဆင်သည့်နည်းဥပဒေမျာနှင့်အညီ ပြည်တွင်း လူမှုရေးအသင်းအဖွဲ့များက ရန်ကုန်တိုင်းဒေသကြီးအတွင်း လှုပ်ရှားဆောင်ရွက်ရန် မှတ်ပုံတင်လျှောက်ထားလာပါက မှတ်ပုံတင်ရေးအဖွဲ့အဆင့်ဆင့်က ဥပဒေနှင့်အညီ စိစစ်ပြီး အသင်းအဖွဲ့မှတ်ပုံတင်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင် ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မှတ်ပုံတင်ရေးအဖွဲ့၊ ခရိုင်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ခရိုင်မှတ်ပုံတင်ရေးအဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ဆိုကာ ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း ဝန်ကြီးကပြောကြားသည်။

ယင်းအပြင် ဝန်ကြီးက ပြည်တွင်းအသင်းအဖွဲ့များမှ ဥပဒေနှင့်အညီ ရန်ကုန်တိုင်း ဒေသကြီးမှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင် လျှောက်ထားလာပါက သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စီစစ်ပြီး တိုင်းဒေသကြီးအဆင့်ကို တင်ပြရာတွင် ခုနစ်ရက်အတွင်း ယာယီမှတ်ပုံတင် ထုတ်ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအဆင့် ယာယီမှတ်ပုံတင်ခွင့် ပြုထားသည့်အသင်းအဖွဲ့များ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အမှန်တကယ်ဆောင်ရွက်ခြင်း ရှိ၊ မရှိနှင့် အခြားလိုအပ်ချက်များကို အသေးစိတ် လေ့လာပြီး မှတ်ပုံတင်လက်မှတ် ခွင့်ပြုနိုင်ရေးအတွက် ခရိုင်အလိုက် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုလျက်ရှိကြောင်း ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးမှတ်ပုံတင်ရေး အဖွဲ့အဆင့်ဆင့်တွင် အသင်းအဖွဲ့ ၄၀၅ ဖွဲ့ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး တိုင်းဒေသကြီး မှတ်ပုံတင်ရုံးတွင် ၈၁ ဖွဲ့နှင့် ယာယီ ၆၆ ဖွဲ့၊ ခရိုင် အဆင့်မှတ်ပုံတင်အဖွဲ့တွင် ရှစ်ဖွဲ့နှင့် ယာယီတစ်ဖွဲ့နှင့် မြို့နယ်အဆင့်မှတ်ပုံတင်အဖွဲ့ တွင်  ၂၁၃ ဖွဲ့နှင့် ယာယီ ၃၅ ဖွဲ့ ဖွဲ့စည်းထားကြောင်း သိရသည်။

Most Read

Most Recent