ပခုက္ကူမြို့ မြို့ရှောင်လမ်းဘေးရှိ ဆောက်လုပ်ဆဲဟိုတယ် လုပ်ငန်းခွင်တစ်ခု မြေကျင်းတူးရာမှ မြေပြိုမှုဖြစ်ပွားရာ လုပ်သားနှစ်ဦး မြေပိသေဆုံး

ပခုက္ကူမြို့ မြို့ရှောင်လမ်းဘေးရှိ ဆောက်လုပ်ဆဲဟိုတယ် လုပ်ငန်းခွင်တစ်ခု မြေကျင်းတူးရာမှ မြေပြိုမှုဖြစ်ပွားရာ လုပ်သားနှစ်ဦး မြေပိသေဆုံး
Published 17 June 2018

မြေပြိုမှု ဖြစ်ပွားပြီးနောက် မြေပိနေသူများအား ကယ်ဆယ်မှု ပြုလုပ်နေစဉ်

ပခုက္ကူမြို့ မြို့ရှောင်လမ်းဘေးရှိ ဆောက်လုပ်ဆဲ ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းခွင်တစ်ခုတွင် ဇွန် ၁၆ ရက် မွန်းလွဲ ၁၁ နာရီ  မိနစ် ၃၀ ခန့်က မြေကျင်းတူးရာမှ မြေပြိုမှုဖြစ်ပွားရာ လုပ်သားနှစ်ဦး မြေပိသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပခုက္ကူမြို့ရှောင်လမ်းဘေးရှိ နှစ်ထပ်သံကူကွန်ကရစ် အမျိုးအစား ဆောက်လုပ်ဆဲ အဆောက်အဦတွင် အကျယ် နှစ်ပေ၊ အနက် နှစ်ပေရှိ အောက်ခံအုတ်မြစ်လိုင်း တူးဖော်စဉ် အုတ်မြစ်လိုင်း၏ဘေး တစ်ပေအကွာ အမြင့်ကိုးပေခန့်ရှိ မြေစာပုံပြိုကျရာမှ မြေကျင်းလိုင်းတူးနေသည့် လုပ်သားနှစ်ဦး မြေများပိမိ သေဆုံးခြင်းဖြစ်သည်။

မြေပြိုမှု ဖြစ်ပွားရာ မြို့ရှောင်လမ်းဘေးနေရာသို့ ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ကယ်ဆယ်ရေးဝန်ထမ်း ၁၇ ဦးဖြင့် သွားရောက် ကယ်ဆယ်မှု ပြုလုပ်ခဲ့ပြီး ရှာဖွေကယ်ဆယ် ရရှိသူ နှစ်ဦးအား ပုညမုဒိတာလူမှုရေး အသင်းယာဉ်နှင့် မီးသတ်ဦးစီးဌာန အရေးပေါ်လူနာယာဉ်ဖြင့် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သတင်းရရချင်းမှာ ခရိုင်မီးသတ်ဦးစီးမှူးနဲ့ ရဲဘော်တွေ ကယ်ဆယ်ရေးယာဉ် လူနာတင်ယာဉ်တွေနဲ့ သွားခဲ့တယ်။ ကျွန်တော်တို့ ရောက်သွားချိန်မှာ လူတွေကိုကယ်နေပြီ။ ရင်အုံလောက်တော့ နှစ်ယောက်စလုံး ပေါ်နေပြီ။ ဘေးကမြေစာတွေလည်း ပြိုကျမလာအောင် ပြင်ဆင်တယ်။ ချက်ချင်းပဲ ဂေါ်ပြားတွေ ပေါက်ပြားတွေနဲ့ အန္တရာယ်လည်း မဖြစ်အောင် ကယ်ထုတ်တယ်။ အဲအထိ အသက်ရှင်နေသေးတယ်။ သူတို့နဲ့ နီးတဲ့နေရာကို လက်တွေနဲ့ သဲတွေဖယ်တယ်။ အန္တရာယ်မဖြစ်နိုင်တဲ့ နေရာကို ဂေါ်ပြားတွေနဲ့ ထိုးကော်တယ်။ ဆွဲထုတ်ရတဲ့ အခြေအနေမှာ နှစ်ဦးလုံးကို ဆွဲထုတ်ပြီး အောက်ဆီဂျင်ပေးပြီး ဆေးရုံကြီးဆီ ပို့ပေးခဲ့ပါတယ်” ဟု ပခုက္ကူမြို့နယ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုမီးသတ်ဦးစီးမှူး ကွမ်ဒိုလျန်က ပြောကြားသည်။

မြေကျင်းတူးစဉ် မြေပြိုကျရာမှ မြေပိသေဆုံးသူ နှစ်ဦးမှာ ကိုဗလ (၄၁) နှစ်နှင့် ကိုမင်းသိန် ( ၃၅) နှစ် ဆိုသူတို့ဖြစ်ပြီး သေဆုံးသူနှစ်ဦးမှာ အခင်းဖြစ်ပွားရာ ဆောက်လုပ်ရေးလုပ်ငန်းသို့ တခြားမြို့မှ လာရောက် လုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။

“သူတို့ လုပ်နေတဲ့နေရာ အနီးက နံရံက မြင့်နေတယ်။ မြေကြီးကလည်း မိုးရွာထားတဲ့အတွက် စိုရွှဲနေတယ်။ အဲဒါမျိုးတွေကို လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းတာဝန်ခံတွေ အနေနဲ့ ဒီလိုမျိုး အန္တရာယ်မဖြစ်အောင် ကြိုတင်ပြီး စဉ်းစားဆောင်ရွက်သင့်တယ်လို့ အကြံပြုချင်ပါတယ်” ဟု ပခုက္ကူမြို့နယ်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုမီးသတ်ဦးစီးမှူး ကွမ်ဒိုလျန်က ပြောကြားသည်။

လူသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပခုက္ကူမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ် ၁၀/၂၀၁၈ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။

 

Most Read

Most Recent