လှည်းကူးမြို့တွင်တည်ဆောက်မည့် ငါးဆူတောင်ဆေးဝါးထုတ်လုပ်ရေးဇုန်အား လုပ်ငန်းစတင်ချိန်မှ နှစ်နှစ်အတွင်းပြီးစီးရန် လုပ်ဆောင်မည်

လှည်းကူးမြို့တွင်တည်ဆောက်မည့် ငါးဆူတောင်ဆေးဝါးထုတ်လုပ်ရေးဇုန်အား လုပ်ငန်းစတင်ချိန်မှ နှစ်နှစ်အတွင်းပြီးစီးရန် လုပ်ဆောင်မည်
Published 17 June 2018

ဆေးဝါးစက်ရုံ (အင်းစိန်)အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

လှည်းကူးမြို့တွင် တည်ဆောက်မည့် ငါးဆူးတောင် ဆေးဝါးထုတ်လုပ်ရေးဇုန်အား လုပ်ငန်းစတင်ချိန်မှ နှစ်နှစ်အတွင်း လုပ်ငန်းများပြီးစီးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်းမှ သိရသည်။

စက်မှုဝန်ကြီးဌာနပိုင် မြေနေရာဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ငါးဆူတောင်တွင် ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်း၍ ဆေးဝါးထုတ်လုပ်မှုထိပ်တန်း ကုမ္ပဏီကြီးများဖြစ်သော အမေရိကန်၊ စပိန် နှင့် ဂျပန်နိုင်ငံတို့မှ ဆေးဝါးကုမ္ပဏီများ၏ဆေးဝါးစက်ရုံများပါဝင်သည့် ဆေးဝါးထုတ်လုပ်ရေးဇုန်တည်ထောင်ရန် စီစဉ်နေကြောင်း  သိရသည်။

“မြန်မာ့ဆေးဝါးလုပ်ငန်းအနေနဲ့ ပြည်တွင်းမှာ ထုတ်လုပ်နိုင်မှုမရှိသေးတဲ့ ဆေးဝါးသစ်တွေကို နှစ်စဉ်သုတေသနပြုတိုးချဲ့ထုတ်လုပ်နေပါတယ်။ အခုလက်ရှိ ကင်ဆာရောဂါကုဆေး၊ ဗိုင်းရပ်စ်သတ်ဆေး၊ ရောဂါကာကွယ်ဆေးတွေကို အမေရိကန်နဲ့ စပိန်နိုင်ငံတို့က ကျော်ကြားတဲ့ဆေးကုမ္ပဏီတွေနဲ့ အကျိုးတူပူးပေါင်းပြီး  တိုးချဲ့လုပ်ဖို့ ရှိပါတယ်။ ဒါတွေ အပြင် ဘီပီအိုင်ဆေးဝါးထုတ်လုပ်မှုကို မကြာမီမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ GMP Prequalified လက်ခံရရှိသည်အထိလုပ်ဖို့ စီစဉ်ထားပါတယ်”  ဟု မြန်မာ့ဆေးဝါးလုပ်ငန်းမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ငါးဆူတောင် ဆေးဝါးထုတ်လုပ်ရေးဇုန်အား လုပ်ငန်းစတင်ချိန်မှ နှစ်နှစ်အတွင်း လုပ်ငန်းပြီးစီးရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါဆေးဝါး စက်မှုဇုန်ပြီးစီးပါက ပြည်တွင်းလိုအပ်ချက်၏ ရာခိုင်နှုန်း ၅၀ ခန့်အထိ ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် လက်ရှိ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ပုဂ္ဂလိကပိုင် ခေတ်မီဆေးဝါးစက်ရုံများ တည်ထောင်လျက်ရှိပြီး ငါးဆူတောင်ဆေးဝါးစက်မှုဇုန်ပြီးစီးချိန်တွင် ပြည်တွင်းရှိ အခြားသောဆေးဝါးစက်ရုံများလည်း တည်ထောင်ပြီးစီးနိုင်မည်ဖြစ်သဖြင့် ထုတ်လုပ်မည့်ဆေးဝါးများကို ပြည်ပသို့ တင်ပို့ရန်အထိ ရည်ရွယ်ထားကြောင်းလည်း သိရသည်။

နှစ်စဉ်တန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၄၀၀ ခန့်အထိ  ဆေးဝါးနှင့် ဆေးပစ္စည်းများကို ပြည်ပမှတင်သွင်းနေရပြီး ပြည်တွင်းဆေးဝါးထုတ်လုပ်မှုမှာ လိုအပ်ချက်၏ ၁၀ ရာခိုင် နှုန်းခန့်သာရှိကြောင်း၊ မြန်မာနိုင်ငံတွင် ယခင်က နိုင်ငံပိုင်ဘီပီအိုင်ဆေးဝါး စက်ရုံတစ်ခုတည်းသာရှိခဲ့ပြီး နောက်ပိုင်းတွင် ပြင်ဦးလွင် ဆေးဝါးစက်ရုံ၊ ကျောက်ဆည်ဆေးဝါးစက်ရုံတို့ကို ထပ်မံတိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်း၊ တပ် မတော်မှလည်း မှော်ဘီဆေးဝါးစက်ရုံကို တည်ဆောက်ခဲ့ကြောင်းနှင့် ၂၀၁၁ ခုနှစ် အစိုးရသစ်ပြောင်းလဲပြီးနောက်ပိုင်းတွင် ပြည် တွင်းဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကို အစိုးရက ပုဂ္ဂလိကဆေးဝါးထုတ်လုပ်သော စက်ရုံများကို အားပေးနိုင်ရန် မူဝါဒချမှတ်ခဲ့ရာ ပထမဆုံး ပုဂ္ဂလိကဆေးဝါးစက်ရုံအဖြစ် ဒဂုံ အရှေ့ဆိပ်ကမ်းမြို့နယ်ရှိ  AA ဆေးကုမ္ပဏီပိုင်စက်ရုံ၊ ဒုတိယမြောက်စက်ရုံအဖြစ် ဖေဖော်ဝါရီ ၃ ရက်က ဖွင့်လှစ်ခဲ့သည့် ရွှေပေါက္ကံစက်မှုဇုန်ရှိ Silver Shine International ကုမ္ပဏီပိုင် စက်ရုံတို့ဖြစ်ကြောင်း သိရသည်။

မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမယ်သစ်၂၄ မျိုးနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးအမယ်သစ် ၂၁ မျိုးကို တီထွင် စမ်းသပ်ထုတ်လုပ်ခဲ့ရာ ဆေးဝါး ၁၇ မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ၏ ခွင့်ပြုချက် ရရှိပြီးဖြစ်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ဆေးဝါး ၁၇ မျိုးအနက် အိပ်ချ်အိုင်ဗွီရောဂါ ဝေဒနာရှင်များအတွက် ကုသဆေးဖြစ်သည့် Tenofovir (300mg) ဆေး၊ ဘက်တီးရီးယား ပိုးသတ်ဆေးများဖြစ်သည့် Cefalexin Capsule  နှင့် Flocomox Capsule ၊ ကင်ဆာ ဝေဒနာရှင်များအတွက် နာကျင်မှုသက်သာစေသော Pain Killer တစ်မျိုးဖြစ်သည့်  Tramadol ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့်  အာရုံကြောနှင့် ကိုယ်ခံစွမ်းအား တိုးမြှင့်စေသောဆေးဖြစ်သည့် Neurovit Injection ၊ နှလုံးရောဂါနှင့် ကျောက်ကပ် ရောဂါ ကုသဆေးဖြစ်သည့် Dopamine Injectioin ၊ သွေးတွင်းအဆီကျဆေး Rosuvastatin Caplet ၊ အစာအိမ်ရောဂါကုသဆေး Ranitidine Tablet ၊ လက်သန့်ဆေးရည် Hand Sanitize  ဆေးငါးမျိုးကို FDA အတည်ပြုချက်ရရှိရေး လျှောက်ထားလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent