၂၀၁၈ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၅ သန်းခန့် လာရောက်ပြီး ယခင်နှစ် ကာလတူထက် ခရီးသွားဝင်ရောက်မှု နှစ်ရာခိုင်နှုန်းကျဆင်း

၂၀၁၈ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၅ သန်းခန့် လာရောက်ပြီး ယခင်နှစ် ကာလတူထက် ခရီးသွားဝင်ရောက်မှု နှစ်ရာခိုင်နှုန်းကျဆင်း
Published 17 June 2018

ရန်ကုန်မြို့သို့ ရောက်ရှိလည်ပတ်နေသော နိုင်ငံခြားသား ခရီးသွားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

၂၀၁၈ ခုနှစ် မေလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၅ သန်းခန့် လာရောက် လည်ပတ်ခဲ့ပြီး ယခင်နှစ် ကာလတူထက် ခရီးသွားဝင်ရောက်မှု နှစ်ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။

၂၀၁၈ ခုနှစ် မေလအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုများတွင် လေကြောင်းဖြင့် လာရောက်သူများမှာ ၅၆၅၁၀၃ ဦး၊ ရေကြောင်းဖြင့် လာရောက်သူ များမှာ ၆၈၃၃ ဦး၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူများမှာ ၂၁၂၃၅ ဦး၊ စုစုပေါင်းဗီဇာဖြင့် လာရောက်သူပေါင်း ၅၉၃၁၇၁ ဦးရှိခဲ့သည်။ ၂၀၁၇ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက လေကြောင်းဖြင့် လာရောက်သူများတွင် တစ်ရာခိုင်နှုန်း၊ ရေကြောင်းဖြင့် လာရောက်သူများတွင် ၇၅ ရာခိုင်နှုန်း၊ နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူများတွင် ၁၈ ရာခိုင်နှုန်း ပိုမိုများပြားခဲ့သည်။

၂၀၁၇ ခုနှစ် မေလအထိနှင့် ၂၀၁၈ ခုနှစ် မေလအထိ ဗီဇာဖြင့်လာရောက်သူဦးရေကို နှိုင်းယှဉ်ပါက ၉၂၆၉ ဦး (နှစ်ရာခိုင်နှုန်း) ပိုမိုဝင်ရောက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မေလကုန်ထိ နယ်စပ်တွင်ဝင်ရောက်သူများမှာ ၈၉၅၇၉၉ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကာလတူတွင် ၉၃၂၈၃၉ ဦးဝင်ရောက်ခဲ့ခြင်းကြောင့် ၃၇၀၄၀ ဦး (လေး ရာခိုင်နှုန်း) လျော့နည်းခဲ့သည်။ ထို့ကြောင့် ၂၀၁၈ ခုနှစ် မေလအထိ စုစုပေါင်း နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုမှာ ၁၄၈၈၉၇၀ ဦး ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ကာလတူတွင် ၁၅၁၆၇၄၁ ဦးဝင်ရောက်ခဲ့သည့်အတွက် ၂၇၇၇၁ ဦး (နှစ်ရာခိုင်နှုန်း) လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများကြောင့် ဥရောပနှင့် မြောက်အမေရိက နိုင်ငံများမှ ခရီးသွားများ လျော့ကျလာသော်လည်း တရုတ်၊ ထိုင်းနှင့် အာရှနိုင်ငံအချို့မှ ခရီးသွားများ တိုးတက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မေလအထိ ကောက်ယူထားသော ခရီးသွားဝင်ရောက်မှု စာရင်းများအရ မြောက်အမေရိကမှ ၃၅၉၀၄ ဦး၊ အခြားအမေရိကမှ ၅၃၁၂ ဦး၊ အနောက်ဥရောပမှ ၈၆၄၉၀ ဦး၊ အရှေ့ဥရောပမှ ၈၉၃၂ ဦး၊ အာဖ ရိကမှ ၁၇၅၉ ဦး၊ အရှေ့အလယ်ပိုင်းမှ ၂၃၀၆ ဦး၊ အာရှမှ ၄၃၈၄၁၆ ဦး၊ သမုဒ္ဒရာနိုင်ငံများမှ ၁၄၀၅၂ ဦး ဝင်ရောက်ခဲ့သည်။

၂၀၁၇ ခုနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက မြောက်အမေရိကမှ ၅၉၅၇ ဦး၊ အခြားအမေရိကမှ ၁၀၁၃ ဦး၊ အနောက်ဥရောပမှ ၃၀၄၆၀ ဦး၊ အရှေ့ဥရောပမှ ၈၃၃ ဦး၊ အာဖရိကမှ ၃၃၂ ဦး၊ အရှေ့အလယ်ပိုင်းမှ ၇၀၀၊ သမုဒ္ဒရာနိုင်ငံများမှ ၂၇၃၀ ခရီးသွားဝင်ရောက်မှု လျော့နည်းခဲ့သော်လည်း အာရှနိုင်ငံများမှ ခရီးသွား ၅၁၃၅၄ ဦးဝင်ရောက်မှု တိုးတက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ဗီဇာဖြင့် လာရောက်လည်ပတ်သူ နိုင်ငံခြားသား ခရီးသွားများ စာရင်းတွင် (၂၀၁၈ ခုနှစ် မေလအထိ) ထိပ်ဆုံး၌ ရပ်တည်နေသော နိုင်ငံများမှာ ထိုင်း ၁၃၃၁၈၁ ဦး၊ တရုတ် ၁၁၂၁၅၈ ဦး၊ ဂျပန် ၄၂၃၀၁ ဦး၊ အမေရိက ၃၀၂၄၀ ဦး၊ ကိုရီးယား၂၈၀၈၈ ဦး၊ စင်ကာပူ ၂၃၃၉၇ ဦး၊ ဗီယက်နမ် ၂၃၃၂၃ ဦး၊ ပြင်သစ် ၂၂၃၇၇ ဦးတို့ဖြစ်ပြီး ယခင်နှစ်ကထက် ထိုင်းခရီးသွား ၁၉ ရာခိုင်နှုန်း၊ တရုတ် ခရီးသွား ၃၂ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုရှိသည့်အနက် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့သည် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှု အများဆုံး ဒေသများဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလကုန်အထိ နိုင်ငံခြားသားခရီးသွား ၁ ဒသမ ၅ သန်းကျော် ဝင်ရောက်ခဲ့ကာ ယခင်နှစ်ကာလတူထက် နှစ်ရာခိုင်နှုန်း လျော့ကျလျက်ရှိသည်။ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၃ ဒသမ ၄၄ သန်းဝင်ရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၂ ဒသမ ၉၁ သန်း၊ ၂၀၁၅ ခုနှစ်တွင် ၄ ဒသမ ၆ သန်း ဝင်ရောက်ခဲ့သည်။

 

Most Read

Most Recent