ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တင်းကျပ်ထားသည့် ဥပဒေပါပြစ်မှုပြစ်ဒဏ်အချို့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာန ဖြေလျှော့ပေး

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တင်းကျပ်ထားသည့် ဥပဒေပါပြစ်မှုပြစ်ဒဏ်အချို့ကို ထိုင်းအလုပ်သမားဝန်ကြီးဌာန ဖြေလျှော့ပေး
Published 17 June 2018

ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းလုပ်သားများကို တင်းကျပ်ထားသည့် ဥပဒေပါပြစ်မှု ပြစ်ဒဏ်များအနက် အချို့အချက်များကို ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ဖြေလျှော့ပေးလိုက်ကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ရွှေ့ပြောင်းလုပ်သားစီမံခန့်ခွဲရေးနှင့် မူဝါဒချမှတ်သည့်ဌာနမှ ရွှေ့ပြောင်း လုပ်သားများကို ထိန်းချုပ်ထားသည့်ဥပဒေကို နိုင်ငံတကာလူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းနှင့် လိုက်လျောညီထွေမှုရှိစေရန်၊ လူကုန်ကူးမှုကာကွယ်ရန်နှင့် လုပ်ငန်းရှင်များအနေဖြင့် အလုပ်သမားများထံမှ ကုန်ကျစရိတ်များကို မလိုအပ်ဘဲ ကောက်ခံနိုင်ခြင်း မပြုနိုင်ရန်အတွက် နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များကို ပြင်ဆင်ဖြေလျှော့ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုအသစ်ထုတ်ပြန်လိုက်သည့် ဖြေလေ ျှာ့ချက်အရ အလုပ်လုပ်ခွင့်ပါမစ်မရှိသည့် ရွှေ့ပြောင်းအလုပ်သမားများအား ထောင်ဒဏ်ငါးနှစ် ဒဏ်ငွေဘတ် တစ်သောင်းမှ တစ်သိန်းအထိ ချမှတ်နိုင်သည့် ပြစ်ဒဏ်ကို ဒဏ်ငွေ ဘတ်ငါးထောင်မှ ငါးသောင်းအထိ ဖြေလျှော့ပေးလိုက်ပြီး ထောင်ဒဏ်ကိုလည်း ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ငှားရမ်းလက်ခံ ထားသော အလုပ်ရှင်များကိုလည်း ချမှတ်နိုင်သည့် ဒဏ်ငွေဘတ်လေးသိန်းမှ ရှစ်သိန်းအစား ဒဏ်ငွေ ဘတ်တစ်သောင်းမှ တစ်သိန်းအထိ ဖြေလျှော့ပေးခဲ့သည်။ သို့သော် အလုပ်ရှင်အနေဖြင့် တရားမဝင်အလုပ်သမားများကို ခိုင်းစေမှုကို အကြိမ်ကြိမ် ကျူးလွန်မှုရှိခဲ့ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ဒဏ်ငွေ ဘတ်ငါးသောင်းမှ နှစ်သိန်းအထိ ချမှတ်ခံရမည်ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခြင်းကို သုံးနှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရသည်။

“အရင်တုန်းက ပြစ်မှုပြစ်ဒဏ်တွေတုန်းက တကယ်ကိုပြင်းထန်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ စိုးရိမ်ပူပန်နေရတာပေါ့။ တကယ်ကို အဖမ်းခံရရင် အလုပ်သမားတွေအနေနဲ့ အရမ်းနစ်နာသွားမှာပါ။ ထောင်ဒဏ်ရော ငွေဒဏ်ရောဆိုတော့။ အခုထောင်ဒဏ်ကိုပယ်ဖျက်ပြီး ငွေဒဏ်ပဲဆိုတော့ အလုပ်သမားတွေ အနေနဲ့ နည်းနည်းသက်သာသွားတယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ အလုပ်လုပ်ခွင့်ပါမစ်က မထင်မှတ်ဘဲ ပျက်သွားတာတွေ ရှိလို့ပါ။ ဒါပေမဲ့ ပြစ်ဒဏ်ကို ဖြေလျှော့တယ်ဆိုပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ပြည်ပမှာရောက်တဲ့အတွက် ထိုင်းအစိုးရချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း အထောက်အထားတွေ စုံလင်အောင် လုပ်ထားဖို့ လိုအပ်ပါတယ်” ဟု ရွှေ့ပြောင်း မြန်မာအလုပ်သမားကို ကူညီပေးနေသည့် AAC အဖွဲ့မှ ကိုရဲမင်းက ပြောကြားသည်။

ယင်းအပြင် ပန်းရောင်ကတ်ကိုင်ဆောင်ထားသည့် အလုပ်သမားများအနေဖြင့် ယခင်က မိမိအလုပ်လုပ်သည့်နေရာတွင်သာ နေထိုင်သွားလာခွင့်ရှိပြီး မြို့နယ်ကျော်ပါက သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ရပြီး ယခုဖြေလျှော့ပေးချက်အရ အလုပ်ရှင်အနေဖြင့် တခြားမြို့ နယ်တွင် အလုပ်ရုံရှိပါက အလုပ်သမားများအနေဖြင့် လွတ်လပ်စွာ သွားလာနိုင်မည်လည်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားအများစု သွားလာလုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး တရားဝင် လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သား တစ်သန်းကျော် လုပ်ကိုင်လျက်ရှိကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားအရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

 

Most Read

Most Recent