ဗဟိုဘဏ်ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီအချို့ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် တောင်သူများကို အယုံသွင်း မက်လုံးပေး၍ ငွေချေးလုပ်ငန်း လုပ်ကိုင်မှုများအား အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်

ဗဟိုဘဏ်ခွင့်ပြုချက်မရှိဘဲ ကုမ္ပဏီအချို့ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် တောင်သူများကို အယုံသွင်း မက်လုံးပေး၍ ငွေချေးလုပ်ငန်း လုပ်ကိုင်မှုများအား အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်
Published 17 June 2018

တောင်ငူမြို့နယ်ရှိ လယ်ယာမြေ တစ်ခုတွင် စပါးများ ရိတ်သိမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)

ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိမထားဘဲ ကုမ္ပဏီအချို့မှ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တောင်သူများကို အယုံသွင်း မက်လုံးပေး၍ ငွေချေးလုပ်ငန်း လုပ်ကိုင်နေမှုများအား အရေးယူ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီး ပြည်နယ်အချို့ရှိ မြို့နယ်များတွင် လယ်ယာမြေလုပ်ကိုင်ခွင့်ပြု (ပုံစံ-၇) မိတ္တူကို အာမခံရယူ၍ လယ်တစ်ဧကလျှင် ကျပ်ငါးသိန်း၊ ၁၀ သိန်းနှုန်းဖြင့် ချေးငွေထုတ်ပေးမည်ဟု ပုဂ္ဂလိကကုမ္ပဏီ အချို့က တောင်သူများအား စည်းရုံးပြီး ငွေချေးယူရန် လျှောက်ထားသူ တစ်ဦးလျှင် ကျပ် ၅၀၀၀၊ ၇၀၀၀၊ ၁၀၀၀၀ စသည်ဖြင့် ကော်မရှင်ခ၊ ကနဦး ထည့်ဝင်ကြေးများ ကောက်ခံလျက်ရှိကြောင်း သိရှိရသည်။

အသေးစား ငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်လိုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း အနေဖြင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်း ဥပဒေအရ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိပြီး အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ ခွင့်ပြုချက်ရရှိသော လုပ်ငန်းများကိုသာ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်သည်။

ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအခန်း (၆) ပုဒ်မ ၂၀၊ ၂၁၊ ၂၂ တို့တွင်လည်း ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ချမှတ်သည့် စည်းကမ်းများနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

ကုမ္ပဏီအချို့မှ တိုင်းဒေသကြီး၊ ပြည်နယ်တွင် တောင်သူလယ်သမားကို အယုံသွင်း၊ မက်လုံးပေး၍ ငွေချေးပေးမည်ဟု ပြောဆိုကာ လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် (ပုံစံ -၇) မိတ္တူတောင်းခံပြီး ငွေကြေးကောက်ခံမှုများ ရှိနေသည့်အတွက် ၎င်းကုမ္ပဏီများအား သတ်မှတ်ချက်များအရ လုပ်ကိုင်ခွင့်လိုင်စင် ခွင့်ပြုချက်မရှိဘဲ ငွေချေးလုပ်ငန်းကို လုပ်ကိုင်နေမှုကို သက်ဆိုင်ရာဌာနများက တည်ဆဲဥပဒေများအရ စိစစ်၍ အရေးယူဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

သို့ဖြစ်၍ တောင်သူလယ်သမား ဦးကြီးများ အနေဖြင့် လိမ်ညာမှု မခံရစေရေး ဂရုပြုကြပါရန်နှင့် မိမိတို့ဒေသအတွင်း ငွေချေးလုပ်ငန်းလိုင်စင်မရှိသော ကုမ္ပဏီ၊ အဖွဲ့အစည်းများ ဝင်ရောက်စည်းရုံးလာပါက သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သတင်းပေးပို့ ဆောင်ရွက်ကြပါရန်၊ အသင်းဝင်ကြေး၊ ကနဦး ထည့်ဝင်ကြေးများ ပေးသွင်းထားပါကလည်း အဆိုပါ ကုမ္ပဏီများထံမှ အမြန်ပြန်လည် တောင်းခံကြပါရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်များကို ထုတ်ချေးရာတွင် ယခင်နှစ်များက ကျင့်သုံးခဲ့သည့် တောင်သူသုံးဦး အစုအဖွဲ့အလိုက် အာမခံသည့်စနစ်အစား တောင်သူတစ်ဦးချင်း လယ်ယာမြေ လုပ်ကိုင်ခွင့်ပြုလက်မှတ် မူရင်းကို အပေါင်ထား၍ ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ထုတ်ချေးမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ပြန်ထားသည်။

တောင်သူများအတွက် ၂၀၁၈ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးရာတွင်    မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲများ၌ ၂၀၁၈ ခုနှစ် မေ ၁၇ ရက်မှစတင်၍ ထုတ်ချေးမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇွန်လကုန်တွင် အပြီးထုတ်ချေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent