၂၀၁၈ ကြားဖြတ်တွင် မဲဆန္ဒနယ်မြေ ၁၂ နေရာအတွက် ရွေးကောက်ပွဲအကြိုကာလဖြစ်စဉ်များနှင့် ရွေးကောက်ပွဲနေ့ဖြစ်စဉ်နှစ်ခုစလုံးကို PEACE အဖွဲ့ စောင့်ကြည့်လေ့လာမည်

၂၀၁၈ ကြားဖြတ်တွင် မဲဆန္ဒနယ်မြေ ၁၂ နေရာအတွက် ရွေးကောက်ပွဲအကြိုကာလဖြစ်စဉ်များနှင့် ရွေးကောက်ပွဲနေ့ဖြစ်စဉ်နှစ်ခုစလုံးကို PEACE အဖွဲ့ စောင့်ကြည့်လေ့လာမည်
Published 16 June 2018

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် မြေ ၁၂ နေရာအတွက် ရွေးကောက်ပွဲအကြို ကာလဖြစ်စဉ်များနှင့် ရွေးကောက်ပွဲနေ့ ဖြစ်စဉ် နှစ်ခုစလုံးကို  ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က စောင့် ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း ဇွန် ၁၅ ရက်က ရန်ကုန်မြို့ Park Royal Hotel တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ မီဒီယာများအား အသိပေးရှင်းလင်းခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသော်လည်း PACE အဖွဲ့အနေဖြင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာမဲဆန္ဒနယ် (ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး) နေရာအတွက်မူ စောင့်ကြည့်လေ့လာမှုပြုလုပ်သွားမည် မဟုတ်ကြောင်း PACE အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

“ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာ ၁၃ နေရာရှိတယ်။ ကျွန်တော်တို့က ၁၂ နေရာပဲစောင့်ကြည့်မယ်။ တစ်နေရာက ဘာလဲဆိုတော့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာဖြစ်တယ်။ ဒီလိုဖြစ်တဲ့အတွက် ရွေးကောက်ပွဲ သဘောသဘာဝအရ သူ့ရဲ့မဲဆန္ဒနယ်က မန္တလေးတိုင်းတစ်တိုင်းလုံးဖြစ်တယ်။ တစ်တိုင်းလုံးဆိုရင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိတယ်။ တချို့မြို့နယ်တွေမှာတော့ ရှမ်းတိုင်းရင်းသား လုံးလုံးမရှိဘူး။ တချို့မြို့နယ်တွေမှာ           နှစ်ယောက်သုံးယောက်ပဲရှိတာမျိုးတွေ ှိ တယ်။ လူအရမ်းနည်းတဲ့နေရာတွေဆိုရင် မဲရုံက ကော်မရှင်ရုံးမှာပဲ လုပ်မှာဆိုတဲ့ ပုံစံတွေ ရှိတယ်ဆိုတော့ ဒါကို စနစ်တကျစောင့်ကြည့် လေ့လာဖို့ တိတိကျကျမရှိဘူး။ ဆိုလိုတာက ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် မြို့နယ်တွေမှာ မဲရုံဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျသိရတော့မှ ဒါကိုစောင့်ကြည့် လေ့လာလို့ရမယ်။ အခုကျတော့ အဲဒီသတင်း အချက်အလက်မသိရဘူး။ ဒါကြောင့် ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာနဲ့သက်ဆိုင်တဲ့ မန္တလေးတိုင်းတစ်တိုင်းလုံးကိုတော့ ခြုံငုံပြီးတော့ မကြည့်နိုင်ဘူး။ ဒါပေမဲ့ ဆက်စပ်တဲ့နေရာမျိုး မြင်းခြံလိုနေရာမျိုးဆိုရင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအတွက် မဲဆန္ဒနယ်ပါမယ်။ တခြားမဲဆန္ဒနယ်တစ်ခုပါမယ်ဆိုတော့ ဒီနေရာမှာ ရောပြီးတော့ကြည့်သွားမယ်။ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးအတွက် သီးသန့်ကြီးတော့ စောင့်ကြည့်သွားဖို့ မရှိပါဘူး” ဟု ဦးစိုင်းရဲကျော်စွာမြင့်က  ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာမှုဖြစ်စဉ်တွင် PACE အဖွဲ့အနေဖြင့် ရွေးကောက်ပွဲအကြိုကာလ စောင့်ကြည့်လေ့လာမှုကို မြို့နယ် ၁၂ မြို့နယ်တွင် ကာ လရှည်ကြာစောင့်ကြည့်လေ့လာသူ ၂၃ ဦး ဖြင့် စောင့်ကြည့်လေ့လာသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် ကာလတိုစောင့်ကြည့် လေ့လာသူ ၆၀၀ ကျော်ဖြင့် မြို့နယ် ၁၂ မြို့ နယ်တွင် စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် PACE အဖွဲ့သည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်မြေများတွင် ကြားဖြတ်ရွေးကောက်ပွဲအပေါ် နိုင်ငံသားများ၏ စိတ်ဝင်စားမှုနှင့် မဲပေးလိုစိတ် အတိုင်းအတာတို့ကို သိရှိနိုင်ရန် မဲဆန္ဒရှင်များ၏ သဘောထားအမြင်စစ်တမ်းကို စစ်တမ်းကောက်ယူမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုဖြစ်စဉ်တွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သော်လည်း မဲဆန္ဒရှင်စာရင်း စောင့်ကြည့်လေ့လာရာ၌ ဥပဒေမူဘောင်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စောင့်ကြည့်လေ့လာခွင့်မပြုသည့်အတွက် မဲဆန္ဒရှင်စာရင်းရယူနိုင်ရန် အခက်အခဲရှိကြောင်း ထို့အတွက် မဲဆန္ဒရှင် စာရင်းဆန်းစစ်မှုကို ပြုလုပ်နိုင်မည်မဟုတ်ကြောင်း ဦးစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

“ရွေးကောက်ပွဲမတိုင်ခင်ကာလမှာ မဲစာရင်း အရည်အသွေး မစစ်နိုင်သော်လည်း ပယ်မဲစာရင်းနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုတွေရဲ့ အတွေ့အကြုံကို ကောက်ယူတဲ့ စစ်တမ်းတစ်စောင်ကောက်ယူဖို့ ပြင်ဆင်ထားပါတယ်။ နောက်မှာတော့ မဲစာရင်းကြေညာ ပြသမှုရှိမယ်။ မဲဆွယ်စည်းရုံးရေးကာလ၊ နောက်ကြိုတင်မဲ၊ ကြိုတင်မဲဆိုရင် မဲဆန္ဒ နယ်မြေအတွင်းမှာရှိတဲ့ ကြိုတင်မဲကိုပဲ စောင့် ကြည့်နိုင်ပါတယ်။ ဘာလို့ဆို မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲစောင့်ကြည့်ဖို့ဆိုတာကတော့ အချက်အလက်တွေ အများကြီးလိုတယ်။ နိုင်ငံခြားက မဲပေးတဲ့ပုံစံမျိုးတွေရှိတယ်။ ဒါကြောင့်  မဲဆန္ဒနယ်အတွင်း ကြိုတင်မဲကို စောင့်ကြည့် ဖို့ရှိတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲနေ့ အရေးကြီးပါတယ်။ နောက်တစ်ခုက မဲအရေအတွက်ကို စောင့်ကြည့်ဖို့ စီစဉ်ထားပါတယ်” ဟု PACE အဖွဲ့၏ အစီအစဉ်မန်နေဂျာ ကိုဟန်စိုးထွန်းက ပြောကြားသည်။

ထိုကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် PACE  အဖွဲ့သည် Sample-Based-Observation  (နမူနာရွေး ထုတ်စောင့်ကြည့်လေ့လာခြင်း) စနစ်အသုံးပြု၍ စောင့်ကြည့်လေ့လာမှု ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

ပြည်တွင်းစောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် PACE အဖွဲ့သည် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပြည်သူ၊ ပြည်သားများ၏ အခွင့်အရေးကိုကာကွယ်ခြင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအင်စတီကျူးရှင်းများ ပိုမိုအားကောင်းခိုင်မာလာရေးအတွက် ရည်မှန်းကာ ၂၀၁၃ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲများတွင် ကာလရှည်နှင့် ကာလတို နှစ်ခုစလုံးကို စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။

Most Read

Most Recent