INGO များအနေဖြင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများကို ထောက်ပံ့ကူညီရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

INGO များအနေဖြင့် တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းများကို ထောက်ပံ့ကူညီရာတွင် ကျန်းမာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 16 June 2018

သန်လျင်ပြည်သူ့ဆေးရုံတွင် ဆေးကုသရန် စာရင်းပေးသွင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

INGO များအနေဖြင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများကို ထောက်ပံ့ကူညီရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပူးပေါင်းရန် ဇွန် ၁၂ ရက်က နေပြည်တော်၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် 3MDG Fund  Director Mr.Oren Ginzdurg တို့ တွေ့ဆုံစဉ် ပြောကြားသည်။

3MDG  ရန်ပုံငွေမှ Access to Health Fund အမည်ဖြင့် ထောက်ပံ့ကူညီရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်းကို အထောက်အကူပြုနိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စုစည်းပေါင်းစပ်ပေးနိုင်ရန် နှင့် ပဋိပက္ခဖြစ်ပွားနေသော နေရာဒေသများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း နှင့် ဦးစားပေးလုပ်ငန်းကဏ္ဍများအဖြစ် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေးနှင့် အခွင့်အရေး၊ အာဟာရဖွံ့ဖြိုးရေး၊ တီဘီရောဂါတိုက်ဖျက်ရေး၊ ငှက်ဖျားရောဂါ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှတဆင့် အိပ်ချ်အိုင်ဗွီနှင့် အခြားကူးစက်ရောဂါများ ကူးစက်မှုလျော့ချရေး၊ ကျန်းမာရေးစနစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်း၊ မိခင်နှင့် ကလေး ကျန်းမာရေး၊အကျဉ်းထောင်ကျန်းမာရေးတို့ ကို ဆက်လက်လုပ်ဆောင်ရန် လျာထားကြောင်း သိရသည်။

3MDG Fund  Director က “Access to Health Fund က ရန်ပုံငွေနဲ့ ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်လိုပါတယ်။ အဆိုပြုလွှာတွေ တင်ပြလာတဲ့  INGO , Local NGO များ၊ ပြည်သူလူထု အခြေပြုအဖွဲ့အစည်းများအနက်မှ ယုံကြည်စိတ်ချရသော စွမ်းဆောင်ရည်ရှိသော အဖွဲ့အစည်းများကို ရွေးချယ်စိစစ်သွားမှာပါ။ 3MDG ရန်ပုံငွေနဲ့ ဆောင်ရွက်နေတဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းကဏ္ဍများအနက် မည်သည့်လုပ်ငန်းကဏ္ဍတွေကို Access to Health Fund ရန်ပုံငွေနဲ့ ကျန်းမာရေး ဝန်ကြီးဌာနက ဆက်လက်ကူညီစေလိုပါ တယ်” ဟုပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက 3MDG ရန်ပုံငွေဖြင့် လက်ရှိဆောင်ရွက်နေသော ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအနက် အကျိုးရှိထိရောက်ပြီး မရှိမဖြစ်လိုအပ်သော လုပ်ငန်းများကို Access to Health Fund  က ရန်ပုံငွေဖြင့် ဆက်လက်ထောက်ပံ့ကူညီစေလိုကြောင်း နှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများကို ထောက်ပံ့ကူညီရာတွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းပူး       ပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

အဆိုပါရန်ပုံငွေများကို ခက်ခဲဒေသများ၊ ပဋိပက္ခဖြစ်ပွားနေသော ဒေသများနှင့် ထိခိုက်လွယ်သော လူအုပ်စုများကိုဦးတည်၍ လူသားချင်းစာနာမှုအခြေခံဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ထောက်ပံ့ကူညီသွားရန်ရည်ရွယ်ထားကြောင်းနှင့် အထူးသဖြင့် အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါရှိသော ရည်မှန်းချက်များနှင့်အညီ မရှိမဖြစ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကျန်းမာရေးစနစ်မြှင့်တင်ရေး၊ အာဟာရ ဖွံ့ဖြိုးရေး၊ ကျေးရွာအခြေပြုစေတနာ့ ဝန်ထမ်းကျန်းမာရေး လုပ်သားလေ့ကျင့် ပျိုးထောင်ပေးရေးလုပ်ငန်းများတွင် 3MDG အနေဖြင့် ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာ မှ ထောက်ပံ့ပေးသော အကြီးဆုံးရန်ပုံငွေတစ်ရပ်ဖြစ်သည့် 3MDG သည် အလှူရှင်နိုင်ငံ ခုနစ်နိုင်ငံဖြစ်သော သြစတေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့်  အမေရိကန်ပြည်ထောင်စုတို့ပူးပေါင်း ပါဝင်ထားပြီး ၂၀၁၂ မှ၂၀၁၇ ခုနှစ်ထိ  အမေရိကန် ဒေါ်လာ၂၈၄ သန်း ထည့်ဝင်ထားကြောင်း နှင့်  3MDG အနေဖြင့် မွေးကင်းစ၊ ကလေး၊ မိခင်ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို အဓိက ဦးစားပေးလုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent