ကချင်ပြည်နယ် ဆော့လော်၊ ချီဖွေမြို့နယ်များတွင် ဖမ်းဆီးသစ်များ ပျောက်ဆုံးမှု တန်ချိန် ၁၂၀ ကျော်ရှိ

ကချင်ပြည်နယ် ဆော့လော်၊ ချီဖွေမြို့နယ်များတွင် ဖမ်းဆီးသစ်များ ပျောက်ဆုံးမှု တန်ချိန် ၁၂၀ ကျော်ရှိ
Published 16 June 2018

ကချင်ပြည်နယ် မြောက်ပိုင်းဆော့လော်၊ ချီဖွေမြို့နယ်များတွင် ဖမ်းဆီးသစ်များ ပျောက်ဆုံးမှုတန်ချိန် ၁၂၀ ကျော်ရှိကြောင်း ပြည်နယ်သစ်တောဌာနမှ သိရသည်။

ယင်းဖမ်းဆီးသစ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် သစ်တောအုပ်ကြီး ဦးဇော်ဝင်းအောင်ဦးဆောင်သောအဖွဲ့သည် ဆယ်ရက်ကျော်ကြာကွင်းဆင်းမှုများ ပြုလုပ်ကာ စစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သစ်တောညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက “အခုအထိ ရှာမရတာက တန် ၁၂၀၊ သစ်လုံးအားဖြင့် အလုံး ၁၀၀ ပျောက်နေတယ်။ တန် ၆၀ ကို လမ်းဘေးမှာ ပစ်ထားခဲ့တာ ပြန်တွေ့တယ်။ အရပ်သတင်းတွေအရ နယ်ခြားမှတ်တိုင် ၇ နဲ့ ၈ ကြားကို ထွက်တယ်လို့ သတင်းရတယ်။ အဲဒီနေရာက ကေအိုင်အေလက်နက်ကိုင်တွေရှိတဲ့နေရာမို့ ကွင်းမဆင်းနိုင်ဘူး။ ဖီမော်၊ ကမ် ဖန်နယ်ခြားစောင့်တပ်ကတော့ သူတို့ဆီကနေ ဝါးကားနှစ်စီးပဲထွက်တယ်ဆိုပြီး အကြောင်းပြန်တယ်။ မူလဖမ်းထားတာ ၁၉၁၆ လုံးဖြစ်တယ်။အခုက ၁၈၁၆ လုံးပဲကျန်တယ်။ ဘယ် အဖွဲ့က ခိုးထုတ်တယ်ဆိုတာကို စုံစမ်းလို့ မရသေးဘူး။ တပ်မတော်ဘက်ကတော့ တောထဲ တစ်နေရာမှာရှိနိုင်သေးတယ်ဆိုပြီး ခန့်မှန်းတယ်။ အခုပြည်နယ်အစိုးရကို တင်ပြထားပါပြီ”ဟု ပြောကြားသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပါဝင်ခဲ့သည့် ဝိုင်းမော်မြို့နယ်မှ လီဆူအမျိုးသားဖွံ့ဖြိုးတိုးရေးပါတီမှ ဦးအလေးဖားဖားက သစ်ကွင်းများကို လွန်ခဲ့သော ဧပြီလက ကွင်းဆင်းလေ့လာချိန်ကထက် သိသိသာသာလျော့နည်းနေကြောင်း၊ ရေမျောပါမှုများလည်းဖြစ်နေကြောင်း၊ သစ်သယ်ရာလမ်းကြောင်းမှ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သဖြင့် လမ်းတစ်လျှောက်ရှိ ပြည်သူ့စစ်ဂိတ်၊ တပ်မတော် ဂိတ်၊ နယ်ခြားစောင့်တပ်ဂိတ်များကို ဖြတ်ရမည်သာဖြစ်ကြောင်း ဆိုသည်။

ကချင်ပြည်နယ် သယံဇာတနှင့်သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်က “လက်ရှိပျောက်နေတာက သစ်အလုံး ၁၀၀၊ တန်ချိန်က ၁၂၂ ဒသမ ၀၄၄  တန်လို့ ကွင်းဆင်းစစ်ဆေးချက်အရ သိရတယ်။ နယ်ခြားစောင့် ၁၀၀၁ ကတော့ ဝါး ကား ရှစ်စီးထွက်သွားတယ်လို့ အကြောင်းပြန်တယ်။ ဒီဝါးကားအောက်မှာလည်း သစ်တွေ ပါသွားနိုင်တယ်။ လောလောဆယ် ရှာဖွေဆဲကာလမှာ အမှုတော့မဖွင့်ရသေးဘူး။ အခုတော့ သစ်တွေကိုအသုံးပြုဖို့ စနစ်တကျပဲ လွှဲပြောင်းသွားမှာပါ။ ကားတွေဝင်လာပြီးအထွက်မှာ သတင်းအရရှာဖွေတော့ လမ်းဘေးတွေမှာလည်း ပစ်ထားခဲ့တာရှိတယ်။ နယ်စပ်ဒေသမှာ စစ်ဆေးမှုတော့ စနစ်တကျ  လုပ်စေချင်တယ်” ဟု ပြောကြားသည်။

ချီဖွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးက နိုင်ငံတော်သမ္မတထံ ချီဖွေနှင့် ဆော့လော်မြို့နယ်များမှ သစ်တောဌာနမှ ပိုင်ရှင်မဲ့ဖမ်းဆီးမိထားသည့် စကားဝါ ၊ထင်းရှူး သစ်များအားဌာနမှ စီမံခန့် ခွဲမှုမပြုရသေးမီ ခိုးယူခိုးထုတ်နေသူများအား အမြန်ဆုံးထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ရန် မေ ၂၂ ရက်က တိုင်ကြားခဲ့သည်။

ဒေသခံလွှတ်တော်ကိုယ်စားလှယ်များ ပြောပြချက်အရ ယင်းသစ်များကိုသယ်ယူရန် လမ်းကြောင်းတစ်ခုတည်းသာရှိပြီး ဒေသခံ အဖွဲ့အစည်းများ၊ ဂိတ်အသီးသီးတွင် လမ်း ကြောင်းလုံခြုံရေးယူထားသူများက အခြေအနေ အရပ်ရပ်ကို တွေ့မြင့်ကြရမည်သာဖြစ်ကြောင်း ပြောကြားသည်။

ဖမ်းဆီးထားသည့် သစ်လုံး ၁၉၁၆ လုံး (တန် ၁၃၄၅ တန်ကျော်) ကို ပြည်ထောင်စုဝန်ကြီးခွင့်ပြုချက်ဖြင့် ဒေသအတွင်းဖွံ့ဖြိုးရေး လုပ်ငန်းများ အသုံးပြုရန် ကချင်အထူး ဒေသ (၁) အတွက် တန် ၅၀၀ ၊ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွက် တန် ၅၀၀ ၊ ပူတာအိုနဂါးကုမ္ပဏီအတွက် တန် ၂၄၀ ၊ ဘိုဆာလီမီကာကုမ္ပဏီအတွက် ၁၀၅ တန်ကို စုစုပေါင်း ကြမ်းခင်းဈေး ၆၇၂ သိန်း ကျော်ဖြင့် ရောင်းချထားကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ မသွင်းသေးမီအကြောင်း ကြားဆဲကာလတွင် သစ်များခိုးယူခြင်းခံရကြောင်း သိရသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ယခုကိစ္စရပ်များတွင် နိုင်ငံတော် သမ္မတညွှန်ကြားချက်အတိုင်း နယ်စပ်ဂိတ်ပေါက်များ၊ ဒေသများမှ သစ်မှောင်ခိုကိစ္စများကို တပ်မတော်၊ ပြည်သူ့စစ်များကို ထိရောက်စွာ တားမြစ်ရန် ညွှန်ကြားထားကြောင်း ပြောကြားသည်။

 

Most Read

Most Recent