နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်၏ ပူးပေါင်းမှုအစီအစဉ်မှ ပခုက္ကူခရိုင်အတွင်း မြို့နယ်ငါးခုမှ ကျေးရွာပေါင်း ၂၀၆ ရွာအား ထရန်စဖော်မာများ တပ်ဆင်ပေးမည်

နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်၏ ပူးပေါင်းမှုအစီအစဉ်မှ ပခုက္ကူခရိုင်အတွင်း မြို့နယ်ငါးခုမှ ကျေးရွာပေါင်း ၂၀၆ ရွာအား ထရန်စဖော်မာများ တပ်ဆင်ပေးမည်
Published 16 June 2018

မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအား တပ်ဆင်ပေးမည့် ထရန်စဖော်မာများ မြိုင်မြို့သို့ ရောက်ရှိလာစဉ်

နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် “အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံချက်” မှ ပခုက္ကူခရိုင်အတွင်း မြို့နယ် ငါးခုမှ ကျေးရွာပေါင်း ၂၀၆ ရွာအား ယခုဇွန်လမှစ၍  ထရန်စဖော်မာများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ပခုက္ကူခရိုင် ပခုက္ကူမြို့နယ်တွင် ကျေးရွာ ၅၈ ရွာ၊ မြိုင်မြို့နယ်တွင် ကျေးရွာ ၅၀၊ ရေစကြိုမြို့နယ်တွင် ကျေးရွာ ၃၆ ရွာ၊ ပေါက်မြို့နယ်တွင် ၄၈ ရွာနှင့်ဆိပ်ဖြူမြို့နယ်တွင် ကျေးရွာ ၁၄ ရွာတို့အား လျှပ်စစ်မီးရရှိရေးအတွက် ထရန်စဖော်မာများ တပ်ဆင်ပေးမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း၍ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် သွယ်တန်းထားပြီးဖြစ်သည့် 11KV ဓာတ်အားလိုင်းနှင့် နှစ်မိုင် အကွာအဝေးအတွင်းရှိ ကျေးရွာများအား မီးလိုင်းသွယ်တန်းခြင်းနှင့် ထရန်စဖော်မာတပ်ဆင်ပေးခြင်းများအား လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“11KV လို့ခေါ်တဲ့ 'အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်' ကနေ Phase 1 အနေနဲ့ကျေးရွာတွေကို လျှပ်စစ်မီးရဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ မြိုင်မြို့နယ်မှာဆိုရင် 11KV ဓာတ်အားလိုင်းနဲ့ နှစ်မိုင်းအတွင်း မှာရှိတဲ့ ရွာပေါင်း ၅၀ ရရှိပါတယ်။ ခုဆိုရင် ထရန်စဖော်မာတွေမြိုင်မြို့ကို ရောက်နေပါပြီ။ တပ်ဆင်ရေးအတွက်လည်း ပြင်ဆင်နေပါပြီ၊ ဒီရွာတွေအနေနဲ့ကျေးရွာထိ မီးရဖို့ အဆင်ပြေ သွားပါပြီ။ ထရန်စဖော်မာကနေ အိမ်တွေဆီပေးတဲ့ ၄၀၀ ဗို့ ဓာတ်အားလိုင်းနဲ့ မီးသွယ်ယူရေးပဲ ရွာတွေက လုပ်ရမှာပါ။ အရင်ကတော့ မီးလိုချင်ရင် ရွာတွေကပဲ ကိုယ်ထူကိုယ်ထနဲ့ 11KV ဓာတ်အားလိုင်း သွယ် ထရန်ဖော်မာတည်တာတွေ လုပ်ရပါတယ်။ အခုမီးရဖို့ ကုန်ကျစရိတ်အများကြီး သက်သာသွားပါပြီ” ဟု မြိုင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဌေးက ပြောကြားသည်။

ပခုက္ကူခရိုင်တွင်း အချို့သောကျေးရွာများမှာ လျှပ်စစ်မီးရရှိရေးအတွက် 11KV ဓာတ်အားလိုင်းနှင့် အလှမ်းကွာဝေးခြင်းကြောင့် ဓာတ်အားလိုင်း သွယ်တန်းရန် အဆင်မပြေသည့်အတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ရရှိရန် ပြည်ထောင်စုအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ပေးထားကြောင်း သိရသည်။

“လျှပ်စစ်မီးရလာရင်တော့ မီးဖိုချောင်အတွက် ထင်းဝယ်ထင်းစုရတဲ့ ပြဿနာတစ်ခု အေးသွားမယ်။ နောက်ကလေးတွေ စာကြည့်ဖို့ ဘက်ထရီအိုးဖြည့်ရတဲ့ ကိစ္စပြီးသွားမယ်။ မီးရေးထင်းရေးကိစ္စ စိတ်ပူရတာတွေလျော့သွားမယ်။ နောက်ဆုံး ဆုံဆီလုပ်ငန်းတွေ မော်တာတပ် လည်ပတ်နိုင်လာမယ်။ အဓိကကတော့ မီးအားပြည့်ပြည့်၀၀ ရဖို့ပါပဲ” ဟု မြိုင်မြို့နယ် ကျောက်ဆောက်ရွာမှ ကိုနိုင်က ပြော ကြားသည်။

Most Read

Most Recent