အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ် အမှုရုံးချိန်းတွင် FDA ရုံးအဆောက်အအုံနှင့် ဓာတ်ခွဲခန်းလုပ်ကိုင်ခွင့် တင်ဒါအောင်သွားသည့် ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာကို စစ်ဆေး

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်ဟောင်း ဒေါက်တာသန်းထွဋ် အမှုရုံးချိန်းတွင် FDA ရုံးအဆောက်အအုံနှင့် ဓာတ်ခွဲခန်းလုပ်ကိုင်ခွင့် တင်ဒါအောင်သွားသည့် ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာကို စစ်ဆေး
Published 16 June 2018

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသော FDA ညွှန်ချုပ်ဟောင်း ဒေါက်တာ သန်းထွဋ်အမှု၏ ဇွန် ၁၅ ရက်ရုံးချိန်းတွင် ရုံးအဆောက်အအုံနှင့်ဓာတ်ခွဲခန်းကို တင်ဒါအောင်သွားသည့် ဆောက်လုပ်ရေးကုမ္ပဏီ ဒါရိုက်တာကို စစ်ဆေးခဲ့ကြောင်း မန္တလေးတိုင်းတရားလွှတ်တော်မှ သတင်းရရှိသည်။

“ရဲတိုက်မြို့တော်ဆောက်လုပ်ရေး ကုမ္ပဏီက ဒါရိုက်တာ ဦးနေလင်းကိုစစ်ဆေးပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာလည်း သူ့ကိုစစ်ဆေးခဲ့သလို မပြီးတဲ့အတွက် ဒီကနေ့လည်း ဆက်လက်စစ်ဆေးခဲ့ရပါတယ်။ လာမယ့်ရုံး ချိန်းမှာလည်း သူ့ကိုပဲ ပြန်လှန်စစ်ဆေးရပါဦးမယ်။ အိမ်ဆောက်တဲ့ကိစ္စတွေ၊ တင်ဒါကိစ္စတွေ၊ ငွေပေးတဲ့ဆိုတဲ့ကိစ္စတွေ ဒါတွေကို ပြန်လှန်ချေဖျက်စစ်ဆေးရမှာပါ” ဟု ဒေါက်တာ သန်းထွဋ်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုကိုက အမှုနှင့်ပတ်သက်ပြီး ပြောကြားသည်။

အမှုကို စစ်ဆေးကြားနာပြီးနောက် ဒေါက်တာသန်းထွဋ်က “အမှုအမှန် ပေါ်ပေါက်စေရေးအတွက် အန်ကယ်တို့ဘက်က ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ သူ့အချိန်နဲ့ သူပေါ်လာမှာပါ” ဟု မီဒီယာများကို ဖြေကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ကျပ်သိန်း ၁၅၀၀ ကျော်အား အဂတိလိုက်စားကြောင်း ပေါ်ပေါက်သည်ဟုဆိုကာ ဧပြီ ၂၀ ရက် က နေပြည်တော်ဇမ္ဗူသီရိ မြို့နယ်အမှတ် ၁ မြို့မရဲစခန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အမှုဖွင့်ဖမ်းဆီးပြီးနောက် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲတင်ပို့ခဲ့ပြီး မေ ၄ ရက်မှစတင်ကာ တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းရေးမှူး ဦးသန်းဇော်ဝင်းကို စတင်စစ်ဆေးခဲ့ရာ မေ ၂၅ ရက်မှ အပြီး သတ်စစ်ဆေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဇွန် ၁ ရက်ရုံးချိန်းတွင် ကျင့်ထုံးဥပဒေပုဒ် မ ၁၆၄ အရ သက်သေ ကြိုတင် ထွက်ချက်ယူထားသော နေပြည်တော်၊ လယ်ဝေး၊ ပျဉ်းမနားမှ တရားသူကြီးနှစ်ဦးကို အပြီးသတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ စီမံကိန်းများနှင့်ပတ်သက်၍ အဆောက်အအုံများ အရည်အသွေးပြည့်မီမှု မရှိခြင်း၊ ဌာနအကြီးအကဲအချို့၏ ပြည်သူ့ဘဏ္ဍာများအပေါ် ကိုယ်ကျိုးသုံးစွဲခြင်းများကို ဖော်ထုတ်စစ်ဆေးပေးရန် တိုင်ကြားလာမှုအရ  အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်သည် ၎င်း၏ လုပ်ကိုင်ခွင့်အခွင့်အာဏာကို အလွဲသုံးစားပြီး ၂၀၁၇ ခုနှစ်အတွင်း ၎င်းပိုင်ဆိုင်သည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့်နေအိမ်အတွင်း အသုံးအဆောင် ပစ္စည်းများကိုလည်းကောင်း၊ ယင်းပိုင်ဆိုင်သည့်အခြား မြေကွက်ပေါ်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက်နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန်တစ်ခုနှင့် ရေပန်းတစ်ခု စုစုပေါင်းတန်ဖိုးငွေ ၁၅၁၄၃၉၇၈၆ အား အဆောက်အအုံဆောက်လုပ်ရန် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုဆိုကာ ဒေါက်တာသန်းထွဋ်အား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အဂတိလိုက်စားမှုဖြင့် တရားစွဲ ဆိုခံရခြင်းနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် FDA ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်မှာ စွပ်စွဲခံနေရခြင်းသာဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်လျက်ရှိသည့် တရားလွှတ်တော်ရှေ့နေ ဦးချစ်ကိုက ပြောကြားခဲ့သလို ကာယကံရှင် ညွှန်ချုပ်ဟောင်း ဒေါက်တာ သန်းထွဋ်ကလည်း ငြင်းဆိုထားသည်။

အမှုတွက်တရားလိုပြသက်သေ ၃၆ ဦးထိ တင်သွင်းထားကြောင်းသိရပြီး ယခုအချိန်ထိ တရားလိုအပါ အဝင်လိုပြသက်သေလေးဦးသာ စစ်ဆေးရသေးကြောင်း သိရသည်။

Most Read

Most Recent