<

ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်သည့်ကာကွယ်မှုပြုလုပ်ပေးရန် အဆိုအား ပြည်သူ့လွှတ်တော်အတည်ပြု

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှုပြုလုပ်ပေးရန် အဆိုအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဝင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး တင်သွင်းသော  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် အထူးသဖြင့် ရခိုင်ပြည်နယ်တွင် ထပ်မံမဖြစ်စေရန် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်အတွင်း ARSA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့သည့် အကြမ်းဖက် ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှု ပြုလုပ်ပေးပါရန်အဆိုအား  ဇွန် ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး လွှတ်တော်အဆုံးအဖြတ်ရယူကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ နှင့် ARSA အကြမ်းဖက်အဖွဲ့များက ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျီးကန်းပြင်ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ ဌာနချုပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်း ငါးခူရနှင့် ကိုးတန်ကောက်စခန်းသုံးခုကို ၀င်ရောက်အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိပြီး လက်နက်မျိုးစုံ ၆၃ လက်၊ ကျည် ၁၀၁၃၀ တောင့် ဆုံးရှုံးခဲ့ကာ ၎င်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် လုံခြုံရေး ရဲတပ်ဖွဲ့ခွဲများ အင်အားဖြည့်တင်း၍ ရဲကင်းစခန်း  ၃၄  ခု ထပ်မံတိုးချဲ့ခဲ့ပါသော်လည်း အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ARSA အဖွဲ့သည် ရပ်တန့်မသွားဘဲ ဆက်လက်အကြမ်းဖက်မှုကြောင့် ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ဇွန် ၃၀ ရက်အထိ အသတ်ခံရသူ  ၄၁ ဦး၊ ပျောက်ဆုံး ၂၃ ဦးရှိခဲ့ကြောင်း ဦးသောင်း အေး၏အဆိုတွင် ပါရှိသည်။

ထို့ပြင် ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် တပ်မတော်တပ်ရင်း ဂိတ်ကင်းစခန်းတစ်ခုနှင့် နယ်ခြားစောင့်ရဲကင်း စခန်းပေါင်း ၃၀ ကို အကြမ်းဖက်အဖွဲ့များက အင်အားသုံး တိုက်ခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ပြီးဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ ၀င် ၁၀ ဦး၊ တပ်မတော်သားတစ်ဦး၊ လုံခြုံရေး တစ်ဦး၊ ၀န်ထမ်းတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊  အကြမ်းဖက်သမားများက ဆက်တိုက်သတ် ဖြတ်မီးရှို့အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် အတွက် လုံခြုံရေးတပ်ဖွဲ့များက ခုခံကာကွယ်နေသည့်ကြားမှ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၂၆ ရက်ထိ တစ်လအတွင်း နိုင်ငံဝန်ထမ်းနှစ်ဦး၊ ဟိန္ဒူ၊ မြို၊ ရခိုင်၊ ဒိုင်းနက်တိုင်း ရင်းသားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး အပါအ၀င် စုစုပေါင်း ၈၄ ဦး သတ်ဖြတ်ခံရပြီး ၅၄ ဦး ပျောက်ဆုံးနေခဲ့ကြောင်း၊ မှတ်တမ်းများအရ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်အထိ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ၁၆၃ ဦး သေဆုံးပြီး ကိုးဦးပျောက်ဆုံးနေကြောင်းနှင့် အဆို ပါ အကြမ်းဖက်တိုက်ခိုက်မှုများသည် မစ္စတာ ကိုဖီအာနန် အကြံပေးကော်မရှင်၏ လုပ်ငန်းစတင်ဆောင်ရွက်သည့် ကာလနှင့် လုပ်ငန်းပြီးဆုံး၍ အပြီးသတ်အစီရင်ခံစာ တင်သွင်းသည့် နေ့များတွင် တိုက်ဆိုင်စွာ ဖြစ်ပေါ်လာသည့်အပြင် ဘူးသီးတောင်မောင်တောဒေသရှိ မေယုတောင်ကြော၌ အကြမ်းဖက်စခန်းလိုဏ် ခေါင်းတစ်ခုကို ရိက္ခာများ၊ တဲများ၊ အသုံးအဆောင်များနှင့် တွေ့ရှိခဲ့သည့်အတွက် အစီအစဉ်ရှိရှိလုပ်သည့် အကြမ်းဖက်မှုများဖြစ်ကြောင်း အဆိုရှင်က ပြောကြားထားသည်။

ဆက်လက်ပြီးအဆိုတွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များသည် ၁၉၄၂၊ ၁၉၅၁၊ ၁၉၆၆ နှစ်များသကဲ့သို့ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် နယ်မြေတစ်ခုရရှိရေး၊ ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုရေး ဦးတည်လျက် OIC နိုင်ငံများ၊ ပြည်ပအဖွဲ့အစည်းများ နှင့် လုပ်ကြံမူဝါဒဖြန့်မှုများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိကြောင်း ပြောကြားထားသည်။

အခန်း ၉ ခန်းပါရှိသော အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ၂၀၁၆၊ ၂၀၁၇ ခုနှစ်များအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များကို ကြည့်ပါက တပ်မတော်အပါအ၀င် နယ်ခြားစောင့် ရဲတပ်ဖွဲ့လုံခြုံရေး စခန်းများကို အင်အားသုံးတိုက်ခိုက် ဖျက်ဆီးခြင်း၊ လုံခြုံရေးတပ်ဖွဲ့များကို လူသားတံတိုင်းသုံး၍ ဟန့်တားတိုက်ခိုက်ခြင်း၊ မိုင်းထောင် တိုက်ခိုက်ခြင်း၊ လူနေအိမ်အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လုံခြုံရေးဆိုင်ရာ သတင်းပေးသူများ၊ လူနည်းစု တိုင်းရင်းသားတို့ကို ရက်စက်စွာ သတ်ဖြတ်ခြင်း၊ ဌာနေပြည်သူများကို နေရပ်စွန့်ခွာထွက်ပြေးစေရန် ခြိမ်းခြောက်ခြင်း စသည့်လုပ်ဆောင်မှုများကို ထင်ရှားစွာ တွေ့မြင်နေရသဖြင့် အကြမ်းဖက်မှုဥပဒေပြဋ္ဌာန်းချက်ပါ အကြမ်းဖက်မှုများနှင့် အကျုံးဝင်နေကြောင်း ဦးသောင်းအေးက အဆိုတင်သွင်းစဉ်က ပြောကြားထားသည်။

June 15, 2018














Copy Protected by Chetan's WP-Copyprotect.