မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာတိုင်းမ် အယ်ဒီတာချုပ်ဟောင်း ရော့စ်ဒန်ကလေ အပါအဝင် ရှစ်ဦးအား ပထမဆုံးအကြိမ် ရုံးထုတ်ရမန်ယူ

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာတိုင်းမ် အယ်ဒီတာချုပ်ဟောင်း ရော့စ်ဒန်ကလေ အပါအဝင် ရှစ်ဦးအား ပထမဆုံးအကြိမ် ရုံးထုတ်ရမန်ယူ
Published 16 June 2018

မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာတိုင်းမ် အယ်ဒီတာချုပ်ဟောင်း ရော့စ်ဒန်ကလေ အပါအဝင် ရှစ်ဦးအား ဇွန် ၁၅ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ် ရမန်ယူပြီး ဇွန် ၂၉ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဇွန် ၁၅ ရက် နံနက်ပိုင်းက ဗဟန်းမြို့နယ် တရားရုံးတွင် မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်ခံထားရသည့်  သြစတြေးလျနိုင်ငံသား၊ ဗြိတိန်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား ခြောက်ဦးကို အမှုနှင့်ပတ်သက်ပြီး မစစ်ဆေး ဖြစ်သေးဘဲ ထပ်မံချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုံးချိန်းတွင်  သြစတြေးလျနိုင်ငံသားနှင့် ဗြိတိန်နိုင်ငံသားတို့၏ ချုပ်ရက် ရမန်ယူ ကာလအတွင်း ၎င်းတို့ သံရုံးနှင့် အဆက်အသွယ် မရှိသေးခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏တရားခွင်တွင် ပြောဆိုခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က သက်ဆိုင်ရာသံရုံးများကို စာပို့ထားကြောင်း ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

ဗဟန်းမြို့နယ် သာသနာ့ရိပ်သာရပ်ကွက်ရှိ အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံဟုဆိုသူ သြစတြေးလျနိုင်ငံသား၏ နေအိမ်မှ စိတ်ကြွဆေးပြား ၇၀၀ နှင့် အခြားမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၇ ရက်က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဗပာန်းမြို့နယ် နေအိမ်တွင်  ငှားရမ်းနေထိုင်သည့် အသက် ၆၀ အရွယ် သြစတြေးလျ နိုင်ငံသား အပြည်ပြည်ဆိုင်ရာ မီဒီယာအတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူနှင့် ၆၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသား Go Media မန်နေဂျင်း ဒါရိုက်တာတို့အပြင် မူးယစ်ဆေးလာရောက် သုံးစွဲနေသည်ဟု ယူဆရသည့် မြန်မာ အမျိုးသားတစ်ဦး အမျိုးသမီး ခြောက်ဦးတို့ကို အဆိုပါနေအိမ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနေအိမ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀  ပြား၊ အိုက်စ်ဟု ယူဆရသည့် မူးယစ်ဆေးဝါး ၂၆၅ ဂရမ်၊ ဘိန်းဆီခဲ သုံးခဲ၊ ဆေးခြောက်ဟု ယူဆရသည့် အရိုးအရွက်ခြောက် ၁၅ ဂရမ်၊ ဘိန်းဖြူဟုယူဆရသည့် ဆေးဝါး ၀ ဒသမ ၂ ဂရမ်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ဖမ်းဆီးရမိခဲ့သည့်  သြစတြေးလျ နိုင်ငံသားမှာ ယခင်က မြန်မာတိုင်းမ်တွင် အယ်ဒီတာချူပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးရမိသူများကို ဗဟန်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) ၂၀ (က) ၂၁ တို့ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

၎င်းသည် ၂၀၁၁ ခုနှစ်အတွင်းက အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် နာကျင်စေမှုဖြင့် အဖမ်းခံရကာ ထောင်ဒဏ် တစ်လ ချမှတ်ခံခဲ့ရဖူးသူတစ်ဦး ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent