ကျိုက်ထိုမြို့နယ်ရှိ ကမ်းနီကျေးရွာနှင့် သထုံစုကျေးရွာတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၄ လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ စေတီတစ်ဆူ၊ ဇရပ်တစ်ဆောင်နှင့် မီးတိုင်များ ပျက်စီး

ကျိုက်ထိုမြို့နယ်ရှိ ကမ်းနီကျေးရွာနှင့် သထုံစုကျေးရွာတို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၄ လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ စေတီတစ်ဆူ၊ ဇရပ်တစ်ဆောင်နှင့် မီးတိုင်များ ပျက်စီး
Published 16 June 2018

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် သစ်ပင်အချို့ လဲပြိုနေစဉ်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကမ်းနီးကျေးရွာနှင့် သထုံစုကျေးရွာတို့တွင် ဇွန် ၁၄ ရက် နံနက် ၇ နာရီက လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၄ လုံး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ စေတီတစ်ဆူ၊ ဇရပ်တစ်ဆောင်နှင့် မီးတိုင်များ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကမ်းနီကျေးရွာရှိ ဒေါ်စောတင် (၇၅ နှစ်) (ဘ) ဦးအောင်မြင့်၏ နေအိမ်အပါအဝင် လူနေအိမ်ကိုးလုံးမှာ နေအိမ်အမိုးသွပ်ချပ်များ လန်ထွက်ပျက်စီးခြင်း၊ သစ်ပင်ပိ၍ နေအိမ်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည့်အပြင် ကမ်းနီကျေးရွာထိပ်ရှိ ဖောင်းရစ်မှ ထီးတော်အထိ ဉာဏ်တော်အမြင့်ပေ ၃၀ ခန့်ရှိ ပုဂံစေတီတော်မှ စိန်ဖူးတော်မြေခခြင်း၊ စေတီတော်အနီးရှိ ၁၀ ပေပတ်လည် သွပ်မိုးဇရပ် တစ်ဆောင်မှာ ပြိုကျပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်း၏ စာရင်းများအရ သိရသည်။

အလားတူ သထုံစုကျေးရွာတွင်လည်း ဒေါ်ဥမ္မာ (၄၂ နှစ်) (ဘ) ဦးထွန်းမြင့် လူနေအိမ် ၁၅ လုံးမှာ သွပ်ချပ်များ လန်ထွက်ခြင်း၊ သစ်ပင်ပိ၍ နေအိမ်နှင့်အမိုးများ ပျက်စီးခြင်း၊ သထုံစုကျေးရွာရှိ ဝင်းပလောကျောင်းတိုက်ရှိ ဓမ္မာရုံဘုံအဆင့်များပျက်စီးခြင်း၊ ဆွမ်းစား ကျောင်းဆောင်အရှေ့ဘက်ပျက်စီးခြင်း၊ သွပ်အမိုးများ လန်ထွက်ပျက်စီးခြင်းနှင့် ပြည်နယ်အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် လျှပ်စစ်မီး လွှတ်ရန် စီစဉ်ဆဲ အသုံးပြုခြင်းမရှိသေးဘဲ မီးကြိုးများ သွယ်တန်းထားရှိသည့် ကွန်ကရစ် ဓာတ်မီးတိုင် သုံးတိုင် ပြိုလဲခြင်းများ ဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။

“လေပြင်းတိုက်ပြီးတော့ အပင်တွေ ပြိုလဲတာ၊ အိမ်တွေပြိုလဲတာတွေ ဖြစ်ခဲ့တယ်။ စေတီတော်တစ်ဆူလည်း ပျက်စီးမှုတွေဖြစ်တာကို တွေ့ရတယ်။ ဇရပ်လည်း ပျက်သွားတယ်။ လေတိုက်တာ လျော့သွားတော့ လမ်းတွေပေါ် လဲကျနေတဲ့အပင်တွေကို အဓိက ဖယ်ရှာခဲ့ပါတယ်။ သွားရေးလာရေး အဆင်ပြေအောင်လို့ပါ။ နောက်မှ လူနေအိမ်တွေ ပေါ်ကျနေတဲ့အပင်တွေ၊ အကိုင်းတွေကို ဖယ်ရှားရှင်းလင်းတာတွေ လုပ်ဆောင်ပေးခဲ့တယ်။ နေအိမ်အများစု အမိုးတွေပျက်စီးသွားတယ်။ အချို့အိမ်တွေလည်း သစ်ပင်ပိလို့ ပျက်စီးခဲ့တာတွေ ရှိပါတယ်။ လူတွေကတော့ ဘုန်းကြီးကျောင်းတွေမှာ ခေတ္တနေထိုင်နေကြပါတယ်”  ဟု လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့မှုများအား ဝိုင်းဝန်းရှင်းလင်းလုပ်ဆောင်ပေးခဲ့သည့် ကျိုက်ထိုမြို့နယ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးစိုးသီဟက ပြောကြားသည်။

ထို့ပြင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပွားခဲ့သည့် နေရာများသို့သိမ်ဇရပ်တပ်နယ်မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဇော်မျိုးလင်း ဦးစီးသည့် တပ်မတော်သားများ၊ သိမ်ဇရပ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက ရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent