ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကုဆရာဝန်ကြီးများ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၇၈ ဦး ထပ်မံခန့်အပ်

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကုဆရာဝန်ကြီးများ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၇၈ ဦး ထပ်မံခန့်အပ်
Published 15 June 2018

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် အထူးကုဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း ၇၈ ဦးကို ထပ်မံဖြည့်တင်း ခန့်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ မည်သူမဆို ကျန်းမာရေး စောင့်ရှောက်မှု လာရောက် ခံယူနိုင်ကြောင်း နှင့် ဆေးရုံဆေးခန်းများသည် ကျန်းမာရေး စောင့်ရှောက်မှု ခံယူသူများအတွက် အကာအကွယ် ပေးထားသည့် နေရာများဖြစ်ကြောင်း အသိပေးကြေညာချက်များ ပြုလုပ်၍ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိကြောင်းနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း စစ်တွေဆေးရုံ၊ သက္ကယ်ပြင်ဆေးရုံ၊ မြောင်းဘွေဆေးရုံ၊ ဘူးသီးတောင်ဆေးရုံ၊ စေတီတောင်ဆေးရုံ၊ မောင်တောဆေးရုံများတွင် ပြင်ပလူနာနှင့် အတွင်းလူနာအဖြစ် တိုင်းရင်းသား ၂,၈၂၃ ဦး၊ မွတ်စလင်ဘာသာဝင် ၁၁,၃၇၃ ဦး၊ စုစုပေါင်း ၁၄,၁၉၆ ဦးကို ကုသပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများ အပါအဝင် သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် စသည့် အခြေခံကျန်းမာရေး ဝန်ထမ်းများကို နှစ်စဉ် မွေးထုတ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအား ဦးစားပေး အစီအစဉ် သတ်မှတ်၍ ခန့်အပ်သွားမည် ဖြစ်ကြောင်းနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (စစ်တွေ) ၌ သူနာပြုနှင့် သားဖွားသင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၄၃၀၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ခြောက်လ သင်တန်းအား စစ်တွေမြို့ ၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၀၁ ဦးတို့ဖြင့် လေ့ကျင့် သင်တန်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးရေးအတွက် အစီအစဉ်များ ဆောင်ရွက်သွားရန်ရှိပြီး ရာထူးတိုး၍ လစ်လပ်နေရာများနှင့် သက်ပြည့်ပင်စင်ယူခြင်း အပါအဝင် အခြားလစ်လပ်နေရာများ၌ ပြန်လည် ခန့်အပ်နိုင်ရေးအတွက် အစီအစဉ်များအား စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများ၌ ဆရာဝန်များ ပိုမို ခန့်အပ်နိုင်ရေးအတွက် ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးသော ဆရာဝန်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရ၏ အထူးအစီအစဉ် အနေဖြင့်လည်း ခန့်အပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent