လှည်းကူးမြို့နယ်တွင် အိမ်အကူအမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုသော ဥပဒေအရာရှိ အမျိုးသမီးအား လူသတ်မှုပုဒ်မဖြင့် တရားစွဲဆို

လှည်းကူးမြို့နယ်တွင် အိမ်အကူအမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုသော ဥပဒေအရာရှိ အမျိုးသမီးအား လူသတ်မှုပုဒ်မဖြင့် တရားစွဲဆို
Published 15 June 2018

ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုခံထားရသည့် ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုအား ဇွန် ၁၄ ရက်က ရုံးထုတ်လာစဉ် (ဓာတ်ပုံ - သီဟအောင်)

လှည်းကူးမြို့နယ်တွင် အိမ်အကူအမျိုးသမီးအား သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုသည့် ဥပဒေအရာရှိ အမျိုးသမီးကို လူသတ်မှုပုဒ်မဖြစ်သည့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ရဲတပ်ဖွဲ့က တောင်ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေအရာရှိ ဒေါ်သိင်္ဂီစု (၃၂ နှစ်) ကို ရဲတပ်ဖွဲ့က တွံတေးမြို့နယ်တရားရုံးမှ ချုပ်ရမန်နှစ်ကြိမ်ယူကာ ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၄ရက်တွင် ၎င်းကိုရုံးထုတ် တရားစွဲဆိုခဲ့ခြင်းဖြစ်ကာ ရုံးထုတ်စဉ် ရဲတပ်ဖွဲ့လုံခြုံရေး အင်အားများစွာဖြင့် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့က ရာဇသတ်ကြီး ၃၀၂ နဲ့ စတင်တရားစွဲဆိုတာပါ။ လာမယ့် ၂၈ ရက်နေ့မှာ ရုံးချိန်းပြန်ချိန်းထားတယ်။ အဲဒီရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေပါဝါတင်မယ်” ဟု တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် ရှေ့နေဒေါ်စန်းစန်းမြင့်က ဇွန် ၁၄ ရက်က တောင်ပိုင်းခရိုင် တရားရုံးတွင် ပြောကြားသည်။

ယင်းနေ့က ရုံးထုတ်ခဲ့စဉ်တွင် တရားစွဲဆိုခံထားရသည့် ဥပဒေအရာရှိအမျိုးသမီး၏ ယောကျ်ားဖြစ်သူ တပ်မတော်အရာရှိနှင့် သမီးဖြစ်သူ လာရောက်ခဲ့သည်ကို တွေ့ရသည်။

ဖြစ်စဉ်မှာ တွံတေးမြို့နယ် ခတ္ထိယတိုက်နယ်၊ ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာနေ မခင်စန္ဒာဦး (ခ) မကရင်မ (၃၈ နှစ်) မှာ ပြီးခဲ့သည့်ခြောက်လခန့်က လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်းရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ယင်းသို့ လုပ်ကိုင်နေခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် ၎င်းအလုပ် လုပ်ကိုင်နေသည့်နေအိမ်မှ အိမ်ရှင်အမျိုးသမီးဖြစ်သည့် ဥပဒေအရာရှိ ဒေါ်သိင်္ဂီစုက မကရင်မနှင့်အတူ မကရင်မနေထိုင်သည့် အုတ်ဖိုကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ရာအိမ်မှူးကိုခေါ်ကာ မကရင်မမှာ နေမကောင်းသဖြင့် လာရောက်ပြန်ပို့သည်ဟုဆိုကာ လူနာအား ကောင်းမွန်စွာ လက်ခံရရှိကြောင်းကို လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ မကရင်မအား ထားခဲ့ပြီးနောက် ဒေါ်သိင်္ဂီစု ပြန်သွားသည့်အချိန်တွင် အိမ်နီးချင်းများက မကရင်မအား မေးမြန်းရာ ဆွဲကြိုးခိုးသည်ဟု စွပ်စွဲပြောဆို၍ ၎င်းကို ဒေါ်သိင်္ဂီစုက ခြေထောက်ဖြင့်ကန်ကာ ကျောက်ပြင်ဖြင့်ထုသည်ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း၊ မကရင်မ၏ ဦးခေါင်း၊ မျက်နှာ၊ ရင်ဘတ်တို့တွင် ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် မကရင်မက ၎င်းကိုဆေးရုံသို့ ပို့ဆောင်ပေးရန် ပြောသဖြင့် အိမ်နီးချင်းများနှင့် သက်ဆိုင်ရာ ကျေးရွာလူကြီးများက ဆေးရုံသို့ ပို့ဆောင်ရန် ပြုလုပ်နေစဉ် မကရင်မမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလောင်းကို ရဲတပ်ဖွဲ့က တွံတေးဆေးရုံသို့ ပေးပို့စစ်ဆေးစေခဲ့ပြီး ရင်ခွဲစစ်ဆေးစေခဲ့ရာ မှုခင်းဆရာဝန်၏ ဆေးစာတွင် သေဆုံးသည့် မကရင်မမှာ ဦးခေါင်းယာချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက်ဖောင်းကားနေခြင်း၊ ဝမ်းညိုမည်းဒဏ်ရာ၊ အူတစ် လက်မခန့် ပေါက်ပြဲဒဏ်ရာများ တွေ့ရှိသည်ဟု မှုခင်းဆရာဝန်၏ စစ်ဆေးချက်အရ သိရသည်။

နှိပ်စက်ညှဉ်းပန်းခံရသဖြင့် သေဆုံးခဲ့သည်ဟုဆိုသည့် အိမ်အကူအမျိုးသမီး၏ သားသမီးလေးဦးမှာ လက်ရှိအချိန်တွင် တွံတေးမြို့နယ် ခတ္ထိယတိုက်နယ် ခတ္ထိယကျေးရွာအုပ်စု အုတ်ဖိုကျေးရွာ၌ နေထိုင်လျက်ရှိပြီး ၎င်းတို့၏ စားဝတ်နေရေးအား ရပ်ရွာနေသူများက ကူညီထားကြောင်း သိရသည်။

Most Read

Most Recent