အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့ ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံမည်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့ ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့၌ ထပ်မံတွေ့ဆုံမည်
Published 15 June 2018

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပရေး ရက်သတ်မှတ်မည့် ကိစ္စနှင့်ပတ်သက်၍ အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးရေးအဖွဲ့တို့ ဇွန် ၁၆ ရက်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များထံမှ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ (၂၁) ကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ဇွန် ၁၁ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များကို ဇွန် ၁၂ ရက်တွင် အစိုးရထံ တရားဝင် စာပေး ပို့ထားသည်။

အစိုးရထံ ပေးပို့ခဲ့သောစာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပမည့်ရက်၊ ဆက်စပ်အစည်းအဝေးများ ကျင်းပမည့်ရက်များနှင့် ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ အဆိုပြုချက်များ ပါဝင်ကြောင်း သိရသည်။

“ကျွန်တော်တို့ ရက်တွေကို ညှိနှိုင်းတဲ့အခါကျတော့ PPST ကတော့ နိုင်ငံရေးအရ အလွတ်သဘောဆွေးနွေးစဉ်မှာ ဇွန် ၃၀ ကို နှစ်ဖက်လုံးက သဘောထား စုစည်းခဲ့တဲ့နေရာမှာ ဇွန် ၃၀ မှာ ကျင်းပနိုင်ရေး ကြိုးစားမှုပေါ့။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဆွေးနွေးပွဲတွေမှာက တတိယပင်လုံ အစည်းအဝေး မတိုင်ခင်မှာ လုပ်ငန်းကော်မတီ အကြိုညှိနှိုင်းမှုတွေကိုလည်း အချိန်ပေးပြီးလုပ်ဖို့ လိုတယ်။ လုပ်ငန်း ကော်မတီတွေမှာ အချိန်ပေးပြီး ညှိနှိုင်းမှုတွေ လုပ်ရမှာဆိုတော့ ဒီဇွန် ၃၀ က ရက်က အတော်ကပ်သွားတဲ့ သဘောရှိတယ်။ ရက်ကကပ်နေတော့ ကျွန်တော်တို့ ဇူလိုင် ၁၀ ရက်ကို အဆိုပြုတာ ဖြစ်ပါတယ်။ အဲဒါကို အခုလာမယ့် အလွတ်သဘောမှာ ရက်ညှိတဲ့ကိစ္စပေါ့လေ။ ကျန်တဲ့ကိစ္စတွေ မပါပါဘူး။ အဲဒီရက်ညှိတဲ့ကိစ္စ အဆင်ပြေရင် နှစ်ဖက်အတည်ပြုပြီး ဆက်သွားကြဖို့ပါပဲ” ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက ပြောကြားသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေးစသည့် ခက်ခဲသောကိစ္စရပ်များ မဆွေးနွေးရန် PPST အစည်းအဝေးက ဆုံးဖြတ်ထားကြောင်း သိရသည်။

Most Read

Most Recent