သမ္မတဦးဝင်းမြင့်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ထိုင်းအစိုးရအိမ်တော်၌ တွေ့ဆုံဆွေးနွေး

သမ္မတဦးဝင်းမြင့်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့ ထိုင်းအစိုးရအိမ်တော်၌ တွေ့ဆုံဆွေးနွေး
Published 15 June 2018

Photo: AFP

သမ္မတ ဦးဝင်းမြင့်နှင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာတို့သည် ဇွန် ၁၄ ရက်က ထိုင်းအစိုးရအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်သည် မတ်လတွင် သမ္မတတာဝန်ကို ရယူခဲ့ပြီးနောက်ပိုင်း သူ၏ ပထမဆုံးတရားဝင် ပြည်ပချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။ ယင်းမတိုင်မီ ဧပြီလအတွင်းက စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သော (၃၂) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကိုသာ တက်ရောက်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတော်သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ်ချန်အိုချာ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

သမ္မတဦးဝင်းမြင့်သည် သူ၏ခရီးစဉ်အတွင်း ဇွန် ၁၅ ရက်မှ ၁၆ ရက်အထိ ဘန်ကောက်မြို့တွင် ကျင်းပမည့် ရှစ်ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ (ACMECS) နှင့် (၉) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မည်ဖြစ်သည်။

 

Photo: AFP

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးတို့သည် ဂုဏ်ပြုကြိုဆိုမည့် အစိုးရအိမ်တော် မြက်ခင်းပြင်သို့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ရောက်ရှိလာရာ ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်ဇနီးတို့က ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ်က ၎င်းနှင့်အတူ ကြိုဆိုနှုတ်ဆက်ကြသူများအား မိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတကလည်း အတူလိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ပြန်လည်မိတ်ဆက်ပေးခဲ့သည်။

ထို့နောက်နိုင်ငံတော်သမ္မတသည် အစိုးရအိမ်တော် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခံခဲ့ကြသည်။ ယင်းနောက်နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အစိုးရအိမ်တော်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံဆွေးနွေးပွဲကို အစိုးရအိမ်တော် Pakdibodin Hall ၌ ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့သည်။

 

ဇွန် ၁၄ ရက်က ဘန်ကောက်မြို့ ထိုင်းအစိုးရအိမ်တော်၌ ထိုင်းဝန်ကြီးချုပ် (ဝဲ)က မြန်မာနိုင်ငံတော်သမ္မတ (လယ်) အား ကြိုဆိုနေစဉ် (Photo: AFP)

နှစ်နိုင်ငံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဒုတိယဝန်ကြီးဦးအောင်ထူး၊ သံအမတ်ကြီးဦးမျိုးမြင့်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်အတူ ဒုတိယဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

နှစ်နိုင်ငံဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိရေး၊ သင့်လျော်သည့်ရပိုင်ခွင့်နှင့် ကာကွယ်စောင့်ရှောက်မှုများပေးရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးနှင့် နယ်စပ်ဂိတ်များ အဆင့်မြှင့်တင်ရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စတွင် ထိုင်းနိုင်ငံက အပြုသဘော အကူအညီပေးရေး၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ထိုင်းနှစ်နိုင်ငံ သံတမန်ဆက်သွယ်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေးတို့နှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့သည် အစိုးရအိမ်တော်၌ ကျင်းပသည့် နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ကြပြီး ဆွေးနွေးပွဲနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ပြောကြားခဲ့ကြသည်။ ထို့နောက်နိုင်ငံတော်သမ္မတနှင့်ဇနီးတို့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ဇနီးတို့နှင့်အတူ အစိုးရအိမ်တော်ခန်းမ၌ ခင်းကျင်းပြသထားသည့် ထိုင်းရိုးရာ အစားအစာများ၊ အဝတ်အထည်များနှင့် ရိုးရာလက်မှုပစ္စည်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးတို့က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

 

Most Read

Most Recent