ပြည်သူများကို ရှေ့တန်းတင်သည်ဆိုပါက ငြိမ်းချမ်းရေးကို ရှေ့တန်းတင်ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူများကို ရှေ့တန်းတင်သည်ဆိုပါက ငြိမ်းချမ်းရေးကို ရှေ့တန်းတင်ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 15 June 2018

မော်လမြိုင်သို့ ရောက်ရှိလာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ-ကိုသက်)

ပြည်သူများကို ရှေ့တန်းတင်သည်ဆိုပါက ငြိမ်းချမ်းရေးကို ရှေ့တန်းတင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၄ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံပြည်သူများစကားဝိုင်းတွင် အထက်ပါကဲ့သို့ ထည့်သွင်းဆွေးနွေး ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က “ပြည်သူတွေကိုချစ်ရင် ငြိမ်းချမ်းရေးရအောင် လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးရခြင်းဟာ ပြည်သူတွေကို သက်သာစေတယ်။ ပြည်သူတွေကို ရှေ့တန်းတင်တယ်ဆိုရင် ငြိမ်းချမ်းရေးကို ရှေ့တန်းတင်ရမယ်။ ပြည်သူတွေရဲ့ဘဝကို အေးချမ်းစေချင်တယ်ဆိုရင် ငြိမ်းချမ်းရေးရအောင်ကို လုပ်ရမယ်။ နောက်ပြီးတော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်တွေကိုရောက်ဖို့ ကိုယ်ယုံကြည်တဲ့ ယုံကြည်ချက်အရ သွားဖို့ရာ ငြိမ်းချမ်းရေးနည်းနဲ့လည်း ရနိုင်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက် ရှိရမယ်” ဟု ပြောကြားသည်။

တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုသည် အရေးကြီးကြောင်း၊ ညှိနှိုင်းတိုင်ပင်နေရမည်ဖြစ်ကြောင်း၊ ညှိနှိုင်းဆွေးနွေးသည့်နည်းတူ ယင်းနိုင်ငံရေးယဉ်ကျေးမှုကို ယုံကြည်ပြီဆိုပါက ငြိမ်းချမ်းရေးသည် ခိုင်မာပြီဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

“အခုကျွန်မတို့ဆိုလို့ရှိရင် ငြိမ်းချမ်းရေးရဖို့အတွက် ခက်နေတဲ့ကိစ္စတစ်ခုက အချင်းချင်း ယုံကြည်မှု တည်ဆောက်ရမယ်ဆိုတဲ့ ကိစ္စ။ ဒါလည်း ခဏခဏကြားရပါတယ်။ တစ်ဖက်က တစ်ဖက်ကို မယုံဘူးစသဖြင့်။ ကျွန်မက ပြောတယ်။ ပထမဦးဆုံး ယုံကြည်ရမှာပါက ကိုယ်ကိုယုံကြည်ရမှာ။ ဒီကိစ္စကို ငြိမ်းချမ်းရေးဘောင်အတွင်းက ငါတို့လုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိရမယ်။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီဆိုရင် ငြိမ်းချမ်းရေးလမ်းကို မလျှောက်ရဲစရာအကြောင်း ဘာမှမရှိဘူး။ အဲဒါကို ပြည်သူလူထုကနေပြီးတော့ ပြည်သူ့အသံနဲ့ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့် အားလုံးသိအောင်လို့ ပြောပေးစေချင်တယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ စကားဝိုင်းသို့ တက်ရောက်ဆွေးနွေးကြသည့် ဒေသခံပြည်သူများက ငြိမ်းချမ်းရေး အခြေအနေများ၊ ဒေသ၏ လိုအပ်ချက်များ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြသည်။

“ကျွန်တော် အခုဒေသခံ တိုင်းရင်းသားဆိုတဲ့နေရာမှာ ကျွန်တော်နေထိုင်ရာ သထုံမြို့နယ်ကို အခြေခံပြီးတော့ ပြောချင်ပါတယ်။ ကျွန်တော်တို့ သထုံမြို့နယ်က မွန်ပြည်နယ် ၁၀ မြို့နယ်မှာဆိုရင် ကရင်တိုင်းရင်းသား အများဆုံး မှီတင်းနေထိုင်တယ်။ အဲဒီထဲက အများစုကလည်း စစ်ပွဲနဲ့ထိစပ်တဲ့ဒေသတွေမှာ နေထိုင်ခဲ့ကြရပါတယ်။ ဆိုတော့ သူတို့အပေါ်မှာ ကျွန်တော် တည့်တည့်မြင်ပြီး ပြောရမယ်ဆိုရင်တော့ လောလောဆယ် ငြိမ်းချမ်းရေး တည်ဆောက်နေမှုဖြစ်စဉ်မှာ သူတို့ သိရှိနားလည် သဘောပေါက်ပြီးတော့ ပါဝင်ဆောင်ရွက်နေတဲ့နှုန်းက မတွေ့ရသလောက်ပါပဲ။ ဒါက ငြိမ်းချမ်းရေးအတွက် ရေရှည်ငြိမ်းချမ်းရေး တည်တံ့ဖို့အတွက်က အဓိက အခက်အခဲတစ်ခု ဖြစ်နေပါတယ်။ ဆိုတော့ အကြောင်းရင်းရှာတဲ့ အခါကျတော့ အပစ်အခတ်ကာလတွေ အချိန်ကြာမြင့်စွာ ရှိခဲ့တယ်။ အခုကတော့ အပစ်ရပ်ပြီးတော့ သုံးနှစ်တာကာလထဲ ရောက်လာပြီပေါ့။ ဒီကာလမှာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ခံစားရပြီးတော့ သူတို့ ငြိမ်းချမ်းရေးကို သူတို့အနေနဲ့ ကြီးမားတဲ့ မက်လုံးသဖွယ် မြတ်နိုးတန်ဖိုးထားနေမယ်ဆိုလို့ ရှိရင်တော့ သူတို့ကိုယ်တိုင်ပါဝင် တည်ဆောက်ထုစစ်လာဖို့ ဆွဲအားလို့ ဖြစ်နိုင်မှာပါ” ဟု စကားဝိုင်းတွင် ဆွေးနွေးသူ စောကျော်မိုးက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းကို နေပြည်တော်၊ လွိုင်ကော်၊ မြောင်းမြ၊ ဝမ်းတွင်း၊ မော်လမြိုင် စသည်တို့၌ ပြုလုပ်ထားသည်။

Most Read

Most Recent