အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်တိုင်းတာဝန်ခံဟု လိမ်လည်ပြောဆိုသူ အမျိုးသားကို ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုဖြင့် အမှုဖွင့်ဖမ်းဆီး

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်တိုင်းတာဝန်ခံဟု လိမ်လည်ပြောဆိုသူ အမျိုးသားကို ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုဖြင့် အမှုဖွင့်ဖမ်းဆီး
Published 15 June 2018

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်တိုင်းတာဝန်ခံဟု လိမ်လည်ပြောဆိုသူ အမျိုးသားတစ်ဦးကို ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုဖြင့် မြောက်ဒဂုံမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားပြီး အဆိုပါလိမ်လည် ပြောဆိုသူကိုလည်း ဖမ်းဆီးရမိထားကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ လိမ်လည်သူ အမျိုးသားသည် ၎င်းမှာ ရန်ကုန်တိုင်းဒေသကြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ တာဝန်ခံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌနှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကိစ္စတစ်ခုဖြင့် စစ်ဆေးနေပြီး အမည်ပျက်စာရင်းသွင်းထားကြောင်း စသည်တို့ကို ယုံကြည်အောင် ပြောဆိုသည့်အပြင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်အရေးအသင်းအဖွဲ့ဝင် တစ်ဦးထံမှ ဓာတ်မြေသြဇာအချို့ကို လိမ်လည်ရယူခဲ့ကြောင်း၊ ယင်းကြောင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက ယခုနှစ် ဧပြီ ၂၅ ရက်တွင် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံသို့ အဆိုပါ လိမ်လည်သူဆိုသူနှင့်ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရန်ကုန်တိုင်းတာဝန်ခံ ဟုတ် မဟုတ် စာပေးပို့မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က မေ ၈ ရက်တွင် ကော်မရှင်က ဝန်ထမ်းမဟုတ်ကြောင်း စာပြန်ခဲ့သဖြင့် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းက တရားလိုပြုလုပ်ကာ မေ ၂၀ ရက်တွင် မြောက်ဒဂုံမြို့မရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းထံမှ သိရသည်။

ယင်းကြောင့် မြောက်ဒဂုံမြို့မ ရဲစခန်းက (ပ)၁၀၀၀/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၀ (ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှု) တို့ဖြင့် အမှုဖွင့်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းထံမှ သိရသည်။

“မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းကနေ ကျွန်တော်တို့ရဲစခန်းမှာ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှုနဲ့ အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ အမှုဖွင့်ခံထားရသူကိုလည်း ဖမ်းမိထားပါပြီ” ဟု မြောက်ဒဂုံမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကနဦးတွင် အဆိုပါ လိမ်လည်သူမှာ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့တွင် နေထိုင်သူတစ်ဦးဖြစ်သည်ဟု သိရသည့်အတွက် ရွှေ ပေါက္ကံရဲစခန်းတွင် အမှုဖွင့်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်အရေးအသင်း တည်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

“မနေ့ညက သူ့ကိုမိသွားတယ်လို့ ရွှေပေါက္ကံက ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖုန်းလှမ်းဆက်တယ်။ သူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရန်ကုန်တိုင်း တာဝန်ခံလို့ လိမ်လည်ပြီးတော့ ပြောတဲ့အတွက်ကြောင့် ဖွင့်ထားတာ။ သူက ၂၀၁၇ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလောက်က ကျွန်တော်တို့ဆီကို အသင်းလာဝင်တယ်။ အသင်းဝင်ပြီးနောက်ကျတော့ သူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းရေးဝန်ထမ်း ပုံစံပြောတာပေါ့။ နောက်အသင်းက တစ်ယောက်ဆီကိုလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရန်ကုန်တိုင်းတာဝန်ခံဆိုပြီး ယုံကြည်အောင်ပြောပြီးတော့ နယ်ရုံးခွဲက အသင်းဝင်တစ်ယောက်ရဲ့ အော်ဂဲနစ်မြေသြဇာတွေကို အကြွေးနဲ့ ဝယ်သွားတာပေါ့။ နောက်ပြီးတော့ အသင်းက ဒုဥက္ကဋ္ဌတစ်ယောက်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှာ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီးတော့ Black List ဖြစ်နေတယ်လို့ပြောတော့ ကျွန်တော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို လှမ်းမေးတယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဟုတ် မဟုတ် စိစစ်အကြောင်းပြန်ကြားပေးပါလို့ စာပို့လိုက်တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မေ ၁၈ ရက် ရက်စွဲနဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့ လက်မှတ်နဲ့ အကြောင်းပြန်တယ်။ ကော်မရှင်က ဝန်ထမ်းမဟုတ်ပါဘူး။ လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် ပြန်ကြားပါသည်လို့ စာပြန်ပို့တဲ့အတွက် အမှုဖွင့်လိုက်တာပေါ့” ဟု မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဇွန် ၁၄ ရက်တွင် ပြောကြားသည်။

Most Read

Most Recent