တတိယတန်းကျောင်းသားတစ်ဦး ခိုတက်ဖမ်းရာ မျက်နှာကြက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွား

တတိယတန်းကျောင်းသားတစ်ဦး ခိုတက်ဖမ်းရာ မျက်နှာကြက်ပေါ်မှ ပြုတ်ကျသေဆုံးမှု ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် ဖြစ်ပွား
Published 15 June 2018

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ မေတ္တာရပ်ကွက်ရှိ အ.လ.က (ခွဲ) ကျောင်းမှ တတိယတန်းကျောင်းသားတစ်ဦး ဇွန် ၁၃ ရက် ညနေပိုင်းက ကျောင်းဆောင်အပေါ်ထပ်သို့တက်၍ ခိုတက်ဖမ်းရာမှ မျက်နှာကြက်ပေါ်မှပြုတ်ကျပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကျောက်ကြီးမြို့မရဲစခန်းမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ကြီးမြို့မရဲစခန်းမှူး ဒုရဲမှူးအေးထွန်းက “သူတို့ကလေးသုံးယောက်က ညနေ ၅ နာရီခွဲလောက်မှာပေါ့။ မျက်နှာကြက်ကို ခိုတက်ဖမ်းတယ်ပြောတယ်။ ခိုတက်ဖမ်းတော့ လူကလည်း မရှိတော့ဘူး။ မျက်နှာကြက်ကလည်း မခိုင်ဘူးလေ။ အဲဒါကို သူကချော်ပြီးတော့ ပြုတ်ကျတာ။ ကျောင်းက နှစ်ထပ်ဆောင်ဆိုတော့ အမြင့်ပေ ၂၄ ပေရှိတယ်။ အဲဒီ ၂၄ ပေကနေပြီးတော့ လှေကားပေါ်ကို ပြုတ်ကျတာ။ လှေကားပေါင်အုတ်ခုံကို ခေါင်းနဲ့ဆောင့်ပြီးတော့ ဆုံးသွားတယ်။ အဲဒီနားမှာပဲ ဆုံးသွားတာ။ သူ့ကိုတော့ သေမှုသေခင်းနဲ့ ဖွင့်ထားတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၆ နာရီက ကျောက်ကြီးမြို့မေတ္တာရပ်ကွက်ရှိ အ.လ.က (ခွဲ) ကျောင်းမှ တတိယတန်းကျောင်းသားများဖြစ်ကြသည့် မောင်စွမ်းပြည့်ဦး ၁၀ နှစ် (ဘ) ဦးစန်းဦး၊ မောင်ကောင်းမြင့်ဦး ၁၀ နှစ် (ဘ) ဦးသောင်းညွန့်၊ မောင်သန့်ဇင်ဖြိုး ၁၂ နှစ် (ဘ) ဦးစိုးကြည် တောင်ငူတန်းရပ်ကွက်၊ ကျောက်ကြီးမြို့နေသူတို့သုံးဦးမှာ အလျား ၉၂ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေခန့်ရှိသည့် နှစ်ထပ်ကျောင်းဆောင်၏ အပေါ်ထပ် အရှေ့ဘက် အစွန်ဆုံးအခန်းရှိ မျက်နှာကြက်အပေါက်သို့ စာရေးစားပွဲခုံ ငါးခုံအားဆင့်ပြီး တက်ရောက်ကာ မျက်နှာကြက်ထပ်ခိုးအတွင်းရှိ ခိုများအား လိုက်လံဖမ်းဆီးနေစဉ် မောင်စွမ်းပြည့်ဦးမှာ ကျောင်းဆောင်၏ အပေါ်ထပ်သို့တက်သည့်လှေကားရင်းနှင့် တည့်တည့်နေရာရှိ မျက်နှာကြက်ကျောက်ပြားပေါ်သို့အရောက်တွင် ကျွံကျပြီး လှေကားရင်း အုတ်ခုံပေါ်သို့ ပြုတ်ကျခဲ့ကြောင်း၊ ထိုသို့ပြုတ်ကျခဲ့ရာမှ မောင်စွမ်းပြည့်ဦး၏ ညာဘက်ဦးခေါင်းခွံတွင် ကွဲကြေဒဏ်ရာ၊ ပါးစပ်မှ သွေးထွက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး မောင်စွမ်းပြည့်ဦး သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် ရဲအုပ်တင်သိန်းက တရားလုပ်တိုင်တန်း၍ ကျောက်ကြီးမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၈) ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent