<

မောင်တောမြို့တွင် ညမထွက်ရ ကန့်သတ်အချိန်ကို လျှော့ချ

မောင်တောမြို့တွင် ညမထွက်ရ ကန့်သတ်အချိန်ကိုလျှော့ချကာ ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ ပြင်ဆင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူတို့သွားရာလမ်း၊ လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် (သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သော ဗလီ၊ ကျောင်းနေရာများတွင် ငါးဦး သို့မဟုတ် ငါးဦးထက် ပိုသောသူများ စုဝေးခြင်း မပြုလုပ်ရေးအတွက် ယခင်ထုတ်ပြန်ခဲ့သည့် ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအစား ည ၁၀ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအချိန်ထိ ကာလအတွင်း ညမထွက်ရအမိန့်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ-၁၄၄ အရ ပြင်ဆင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အချိန် တစ်နာရီ လျှော့ချလိုက်သည့် ညမထွက်ရအမိန့် ပုဒ်မ-၁၄၄ ထပ်မံထုတ်ပြန်မှုအား မောင်တောမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ ဇွန် ၁၂ ရက် ညနေပိုင်းက လိုက်လံကြေညာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ အရ ၂၀၁၈ ခုနှစ် ဧပြီ ၁၁ ရက်တွင် အမိန့်အမှတ် ၁/၂၀၁၈ ဖြင့် ညနေ ၉ နာရီမှ နောက်တစ်နေ့ နံနက် ၅ နာရီအချိန်ထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် နယ်မြေ တည်ငြိမ်အေးချမ်းမှု ရှိလာပြီ ဖြစ်သော်လည်း တရားဥပဒေစိုးမိုးမှု ရရှိစေရေးအတွက် တပ်မတော်နှင့်လုံခြုံရေး အဖွဲ့အစည်းများမှ ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် လိုအပ်နေဆဲ ဖြစ်သည့်အတွက် ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လွတ်လပ်စွာ ဆက်သွယ်သွားမှု ကန့်သတ်ချက်များအပြင် စားဝတ်နေရေး ကိစ္စရပ်များအပေါ် အထိုက်အလျောက် ထိခိုက်မှုရှိနေသည့်အအတွက် ဒေသတွင်းနေ ပြည်သူလူထု၏ ရေရှည်အကျိုးကို မျှော်ကိုး၍ ပုဒ်မ-၁၄၄ အမိန့်ထုတ်ပြန်ထားသည့် ကန့်သတ်အချိန်ကို လျှော့ပေါ့စဉ်းစားပေးရန် လိုအပ်ကြောင်း သုံးသပ်ရရှိကြောင်း ကြေငြာချက်တွင် ပါဝင်ကြောင်း သိရသည်။

 

June 14, 2018














Copy Protected by Chetan's WP-Copyprotect.