နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေး
Published 14 June 2018

Photo: Ministry of Foreign Affairs Myanmar

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်းရှာနေး ဘာဂျန်နာအား ဇွန် ၁၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အထူးကိုယ်စားလှယ်တို့က ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရေးတွင် မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံး တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့နှင့် စပ်လျဉ်း၍ မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအပေါ် ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

ထို့ပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ခရီးစဉ် လာရောက်ခြင်းမှာ ရခိုင်ပြည်နယ်ကိစ္စ ဖြေရှင်းရေးတွင် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ အသိုက်အဝန်း နှစ်ခုအား ပိုမိုနီးကပ်လာစေရန်နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တို့အား အထောက်အကူပြုရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ထို့အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြေပြင် အခြေအနေနှင့် နက်နဲ ရှုပ်ထွေးမှုများ၏ ပကတိအခြေအနေများကို သိရှိနားလည်ပြီး အမှန်တရားဘက်မှ ရပ်တည်ရန်၊ အခြေအနေမှန်များအား နိုင်ငံတကာ အသိုက်အဝန်းမှ သိရှိနိုင်စေရန် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့အကြား အပြုသဘောဆောင်သည့် ပံ့ပိုးမှုများဖြင့် ပေါင်းကူး ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေပိုင်းတွင် အထူးကိုယ်စားလှယ်နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က သင်္ဂဟဟိုတယ်တွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး ညစာသုံးဆောင်ခြင်း မပြုမီ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂတို့ အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအပေါ် ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Recent