w အိမ်အကူမိန်းကလေး နှစ်ဦးအား နှိပ်စက်ခဲ့သည်ဟု ဆိုသည့် အိမ်ရှင် ဇနီးမောင်နှံအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း၌ အမှုဖွင့် - Eleven Media Group <

အိမ်အကူမိန်းကလေး နှစ်ဦးအား နှိပ်စက်ခဲ့သည်ဟု ဆိုသည့် အိမ်ရှင် ဇနီးမောင်နှံအား မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း၌ အမှုဖွင့်

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အိမ်အကူ မိန်းကလေးနှစ်ဦးအား နှိပ်စက်ခဲ့သည် ဆိုသည့် အိမ်ရှင် ဇနီးမောင်နှံနှစ်ဦးကို အမှုဖွင့်ထားကြောင်း ဇွန် ၁၃ ရက်တွင် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

နှိပ်စက် ခံခဲ့ရသည်ဟု ဆိုသည့် အိမ်အကူ မိန်းကလေးနှစ်ဦးမှာ မ….(၁၄)နှစ် နှင့် မ…. (၁၂)နှစ် တို့ဖြစ်ပြီး ၎င်းတို့နှစ်ဦးမှာ ညီအစ်မ တော်စပ်သူများ ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ မေလအတွင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်နေ ဦး…(၄၃)နှစ်၏ နေအိမ်၌ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသည့် မ….(၁၄)နှစ်နှင့် မ….(၁၂)နှစ်တို့အား ဦး…. ၏ ဇနီးဖြစ်သူက ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြောင်း ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းချက်အရ သိရသည်။

“နှိပ်စက်ခံရတဲ့ အိမ်အကူ မိန်းကလေး ညီအစ်မနှစ်ဦးထဲက အစ်မဖြစ်သူက အဲဒီအိမ်ကနေ ထွက်ပြေးတယ်။ ထွက်ပြေးပြီး သူ့မိခင်နဲ့ သပြေကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးကို ရောက်လာတယ်။ ရောက်လာတော့ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက ရဲမှူးနဲ့ ထွေအုပ်ရုံးက တာဝန်ရှိသူအချို့က သွားပြီး မေးမြန်းမှုတွေ ပြုလုပ်တယ်။ အဲဒီလို မေးတော့ အိမ်အကူ မိန်းကလေးက သူအလုပ်လုပ်တဲ့အိမ်က အိမ်ရှင်အမျိုးသားရဲ့ ဇနီးက သူတို့ အိမ်အလုပ်လုပ်တာ အမှားအယွင်းရှိရင် ကြိမ်လုံးနဲ့ရိုက်တာ၊ ခါးပတ်နဲ့ ရိုက်တာ၊ ရေနွေးပူ၊ ဆီပူနဲ့ လောင်းတာ ပက်တာတွေ လုပ်တယ်လို့ သိရတယ်။ ပြီးတော့ သူ့ညီမလေးကိုလည်း အိမ်ရှင်အမျိုးသားရဲ့ဇနီးက ရိုက်နှက်တာတွေ ရှိတယ်လို့ ပြောတယ်။ အခုတော့ အိမ်ရှင်လင်မယားကို အမှုဖွင့်ဖို့ ဆောင်ရွက်နေပြီး နှိပ်စက်ခံရတယ်ဆိုတဲ့ အိမ်အကူ မိန်းကလေးနှစ်ဦးကို ဆေးရုံမှာ ဆေးစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အိမ်ရှင်လင်မယား နှစ်ဦးလုံးကိုတော့ အမှုဖွင့်မှာပါ”ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

June 14, 2018














Copy Protected by Chetan's WP-Copyprotect.