လက်ရှိ ဖွံ့ဖြိုးမှု အားနည်းနေသည့် စက်မှုဇုန် ၂၈ ဇုန်ကို ပြန်လည်ပြုပြင်ပြီး ဥပဒေများ အားကောင်းမှသာ စက်မှုဇုန် ၁၁ ခုအား အကောင်အထည် ဖော်သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ထောက်ပြ

လက်ရှိ ဖွံ့ဖြိုးမှု အားနည်းနေသည့် စက်မှုဇုန် ၂၈ ဇုန်ကို ပြန်လည်ပြုပြင်ပြီး ဥပဒေများ အားကောင်းမှသာ စက်မှုဇုန် ၁၁ ခုအား အကောင်အထည် ဖော်သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ ထောက်ပြ
Published 14 June 2018

လက်ရှိ ဖွံ့ဖြိုးမှုအားနည်းနေသည့် စက်မှုဇုန် ၂၈ ဇုန်ကို ပြန်လည်ပြုပြင်ပြီး ဥပဒေများ အားကောင်းမှသာ စက်မှုဇုန် ၁၁ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ဇွန် ၁၃ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၄၅ ရက် မြောက်နေ့တွင် ပြောကြားသည်။

အဆိုပါကိစ္စအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီရင်ခံစာနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီ ကိုယ်စားလှယ် ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“လက်ရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ စတဲ့ စက်မှုဇုန်တွေမှာ စက်ရုံတွေက ထွက်ရှိလာတဲ့ အမှိုက်များကို သိမ်းဆည်း စွန့်ပစ်တဲ့စနစ်က အလွန်အားနည်းနေတာကို တွေ့ရှိရတယ်။ စက်ရုံတွေ ပုံမှန် လည်ပတ်နိုင်ဖို့ လက်ရှိ စက်မှုဇုန်၊ သီလဝါ အပါအဝင် ၂၉ ဇုန်ဟာ ဓာတ်အား လုံလောက်စွာပေးနိုင်တဲ့ အခြေအနေ မရှိသေးတဲ့အတွက် ၎င်းစက်မှုဇုန်တွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်မယ့် လုပ်ငန်းရှင်တွေ ဒုက္ခရောက်နေတယ်ဆိုတာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရှိဖို့ လိုအပ်ပါတယ်။ စက်မှုဇုန်ဟောင်း ၂၈ ခုကို တိုးတက်ဖွံ့ဖြိုးမှုကို အရင်လုပ်ဆောင်သင့်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

ထို့ပြင် စက်မှုဇုန်များအတွင်းရှိ အလုပ်ရှင် အလုပ်သမားများအတွက် တရားဥပဒေစိုးမိုးမှု ရှိရန်အတွက် ဦးစွာ လုပ်ဆောင်သင့်ကြောင်း၊ အလုပ်သမားရေးရာ ဌာနများတွင် ဆောင်ရွက်နေသည့် ဝန်ထမ်းများ၊ လုပ်ငန်းများတွင် အမှန်တကယ် လုပ်ဆောင်ချင်စိတ်ရှိရန် လုပ်ဆောင်သင့်ကြောင်း၊ ချမှတ်ထားသည့် ဥပဒေမူဝါဒများ အားကောင်းလာရန် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း၊ ဥပဒေများ အားကောင်းမှသာ မြေပြင်ပေါ်တွင် စက်မှုဇုန် ၁၁ ဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်သင့်ကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားသည်။

Most Read

Most Recent