ဈေးကွက်၊ လယ်ယာထွက်ကုန်များ၏ တန်ဖိုးနှင့် ရိတ်သိမ်းချိန်လွန်နည်းလမ်းများ တိုးမြှင့်သုံးစွဲခြင်းဖြင့် ပြည်ပပို့ကုန်အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကဏ္ဍများအပါအဝင် မြန်မာ၊ ဗီယက်နမ်နှင့် ကိုရီးယား ဆွေးနွေး

ဈေးကွက်၊ လယ်ယာထွက်ကုန်များ၏ တန်ဖိုးနှင့် ရိတ်သိမ်းချိန်လွန်နည်းလမ်းများ တိုးမြှင့်သုံးစွဲခြင်းဖြင့် ပြည်ပပို့ကုန်အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကဏ္ဍများအပါအဝင် မြန်မာ၊ ဗီယက်နမ်နှင့် ကိုရီးယား ဆွေးနွေး
Published 14 June 2018

မြန်မာ၊ ဗီယက်နမ်နှင့် ကိုရီးယား သုံးနိုင်ငံဆွေးနွေးမှုကို ဇွန် ၁၃ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်စဉ်

ဈေးကွက်နှင့် လယ်ယာထွက်ကုန်များ၏ တန်ဖိုးနှင့် ရိတ်သိမ်းချိန်လွန်နည်းလမ်း တိုးမြှင့်သုံးစွဲခြင်းဖြင့် ပြည်ပပို့ကုန်အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ကဏ္ဍများအပါအဝင် မြန်မာ၊ ဗီယက်နမ်နှင့် ကိုရီးယားသုံးနိုင်ငံဆွေးနွေးမှုကို ဇွန် ၁၃ ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် လယ်ယာထုတ်ကုန်များ၏ ဈေးကွက်အခြေအနေနှင့် တန်ဖိုးမြင့်ထုတ်လုပ်မှုကွင်းဆက်၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လယ်ယာထွက်ကုန်များ ပြည်ပပိုမိုတင်ပို့နိုင်ရေး၊ အရည်အသွေးလုံခြုံစိတ်ချရသည့် စီမံခန့်ခွဲမှု နည်းစနစ်များ၊ ပြည်ပပို့ကုန်များ၏ အရည်အသွေးတိုးတက်ရေးအတွက် စီမံခန့်ခွဲမှုနည်းလမ်းများ၊ ရိတ်သိမ်းချိန်လွန်နည်းပညာများ တိုးမြှင့်သုံးစွဲရေးစသည့် ကဏ္ဍငါးရပ်ကို  သုံးနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် လုပ်ငန်းအတွေ့အကြုံရှိသူများ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က     “စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်လို့ ကြိုးပမ်းမှုအမျိုးမျိုး ပြုလုပ်နေသော်လည်း မြန်မာနိုင်ငံမှာ ရိတ်သိမ်းချိန်လွန်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လိုအပ်ချက်ရှိနေသေးပါတယ်။ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်များရဲ့ လေလွင့်ဆုံးရှုံးမှုတွေမှာ ၁၈-၄၂ ရာခိုင်နှုန်းအထိရှိနေတာကို သိရပါတယ်။ တောင်သူနယ်ပယ်မှာ ဘာတွေလိုအပ်နေတယ်ဆိုတဲ့ အချက်တွေကို လေ့လာပြီး သုတေသန ပြုလုပ်ငန်းတွေဆောင်ရွက်ပြီး တွေ့ရှိချက်ရလဒ်တွေကို မျှဝေပေးဖို့ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရိတ်သိမ်းချိန်နောက် ပိုင်းလုပ်ငန်းစဉ်များ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမဆုံးအနေဖြင့် နေပြည်တော်ရှိ ရေဆင်းတွင် ရိတ်သိမ်းချိန်လွန်နည်းပညာ သုတေသနဌာနကို ၂၀၁၈ ခုနှစ် မေလဆန်းက ဖွင့်လှစ်ခဲ့ပြီး ရိတ်သိမ်းချိန်လွန်နည်းပညာဌာနအတွက် KOICA က အမေရိကန်ဒေါ် လာ ၄ ဒသမ ၅ သန်းထည့်ဝင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ရိတ်သိမ်းလွန်ချိန်နည်းပညာက တော်တော်လေး အရေးပါပါတယ်။ သီနှံတစ်ခုစိုက်ပျိုးထုတ်လုပ်တဲ့ အတတ်ပညာပေါ့။ အတတ်ပညာကအရေးကြီးသလို ထွက်လာတဲ့သီးနှံတွေကို ရိတ်သိမ်းပြီးတဲ့ နောက်ကနေပြီးတော့မှ ဈေးကွက်ကိုပို့တဲ့အထိ ဒီပညာကအရေး ပါပါတယ်။ ဒီပညာကို လျစ်လျူရှုထားခဲ့တာ ၂၀၀၀ ခုနှစ်မတိုင်ခင်လောက်အထိ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းကိုသာ ဂရုတ စိုက်လုပ်ခဲ့ရင် အရည်အသွေးလည်း တိုးတက်လာမယ်။ အရေအတွက်လည်း များလာပါ့မယ်။ မြန်မာနိုင်ငံမှာ လက်ရှိစပါးဆိုရင် ၁၃ ကနေပြီးတော့မှ ၄၀ ရာခိုင်နှုန်းလောက်အလေ အလွင့်ရှိပါတယ်။ ရိတ်သိမ်းပြီးအလေအလွင့်။ ဒါတွေကိုပါ ပြင်လိုက်မယ်ဆိုရင် စပါးတင်း တစ်ရာထွက်တိုင်းထွက်တိုင်း တင်းနှစ်ဆယ်က အပိုဘာမှမလုပ်ဘဲနဲ့ ထွက်လာမယ့်သဘောရှိပါတယ်။ ဒီရိတ်သိမ်းချိန်လွန်နည်းပညာကို အသုံးချမယ်ဆိုရင် စပါးကိုထိခိုက်နိုင်မယ့် အရည်အသွေးတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ အရည်အသွေးတိုးတက်လာရင် ဈေးပိုကောင်းကောင်းရပါမယ်။ အရေအတွက်များလာရင်လည်း ဈေးပိုကောင်း ကောင်းရပါမယ်။ ဒီနှစ်ချက်စလုံးက ရိတ်သိမ်းလွန်ချိန်နည်းပညာရဲ့ အားသာချက်တွေ၊ အရေးပါမှုတွေ ဖြစ်ပါတယ်” ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်းက ပြောကြားသည်။

Most Read

Most Recent