ကချင်ပြည်နယ်အပါအဝင် အခြားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများရပ်တန့်ရေး မြန်မာအစိုးရနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုကြောင်း အာဆီယံဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၂၅ ဖွဲ့ တောင်းဆို

ကချင်ပြည်နယ်အပါအဝင် အခြားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများရပ်တန့်ရေး မြန်မာအစိုးရနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုကြောင်း အာဆီယံဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၂၅ ဖွဲ့ တောင်းဆို
Published 14 June 2018

ကချင်ပြည်နယ် အပါအဝင် အခြားဒေသများတွင် ဖြစ်ပွားနေသော ပဋိပက္ခများရပ်တန့် ရေးအတွက် မြန်မာအစိုးရနှင့်အာဆီယံအဖွဲ့ ဝင်နိုင်ငံများအား တောင်းဆိုကြောင်း အာဆီယံဒေသအတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၂၅ ဖွဲ့က ဇွန် ၁၃ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာအစိုးရအား တောင်းဆိုထားသော အချက်များမှာ မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသံကိုနားထောင်ပြီး တိုင်းရင်းသား နယ်မြေများတွင် ထိုးစစ်ဆင်မှုများအားလုံးကို ရပ်တန့်ရန်၊ အမျိုးသမီး၊ ကလေးငယ်များ၊ အားနည်းသူများနှင့် အခြားသော စစ်ဘေးရှောင်များ၏ လုံခြုံရေးအတွက် အစွမ်းကုန်လုပ်ဆောင်ရန်၊ အဆိုပါ စစ်ဘေးရှောင်များအား လုံခြုံစိတ်ချစွာဖြင့် ရွှေ့ပြောင်းခွင့် ရရှိရန်၊ ပဋိပက္ခဖြစ်ပွားနေသည့် ကချင်ပြည် နယ်အပါအဝင် အခြားဒေသများတွင် လူသားချင်း စာနာထောက်ထားမှုအကူအညီများ လွတ်လပ်စွာရောက်ရှိနိုင်ရန်နှင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းသော ဖက်ဒရယ်ဒီမိုကရက် တစ်နိုင်ငံ ပေါ်ပေါက်လာနိုင်ရေးအတွက် နှစ်ဖက်အကြား ယုံကြည်မှုကို စစ်မှန်စွာ တည်ဆောက်ရန်တို့ ဖြစ်ကြသည်။

နေရပ်စွန့်ခွာ တိမ်းရှောင်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိရေးအတွက် ပိတ်ပင်ထားမှုကို ဖယ်ရှားပေးရေးနှင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအား ရပ်တန့်စေရေးအတွက် မြန်မာအစိုးရနှင့် တပ်မတော်အား သံတမန်ရေးရာဖိအားပေးရန် ၊ လူနည်းစုတိုင်းရင်းသားများအပေါ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအား လူအခွင့်အရေးဆိုင်ရာ အာဆီယံကော်မရှင် (AICHR) အနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန်နှင့် ပဋိပက္ခဒဏ်ခံရသူများမှ အကြံ ဉာဏ်ရယူပြီး ရေရှည်တည်တံ့စေမည့် ဖြေရှင်းမှုများ ပေါ်ပေါက်လာနိုင်ရေးအတွက် ဦးဆောင်မှုပြုလုပ်ရန်တို့မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံများကို တောင်းဆိုထားသော အချက်များဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ပါရှိသည်။

၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) တို့အကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှ ပြည်သူ ၁၂၀၀၀၀ ကျော်မှာ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ ယခုနှစ် တွင် တစ်ကျော့ပြန်ပြင်းထန်လာခဲ့သော တိုက်ပွဲများကြောင့် အရပ်သားအချို့ သေဆုံးမှုရှိခဲ့ပြီး လူနေအိမ်အပါအဝင် အခြားပိုင်ဆိုင်မှုများစွာ ပျက်စီးခဲ့ရကာ ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၇၀၀၀ ခန့်မှာ IDP စခန်းများတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ရကြောင်း ကြေညာချက်တွင် ပါရှိသည်။

ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သော အဖွဲ့အစည်း ၂၅ ဖွဲ့တွင်  အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား စသည့်အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်သည်။

Most Read

Most Recent