ချင်းတွင်းမြစ်ရေနှင့် ကုလားတန်မြစ်ရေ နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့နှင့် ကျောက်တော်မြို့များတွင် အနည်းဆုံး နှစ်ပေမှ ငါးပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်

ချင်းတွင်းမြစ်ရေနှင့် ကုလားတန်မြစ်ရေ နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့နှင့် ကျောက်တော်မြို့များတွင် အနည်းဆုံး နှစ်ပေမှ ငါးပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးဇလ ထုတ်ပြန်
Published 14 June 2018

ချင်းတွင်းမြစ်ရေနှင့် ကုလားတန်မြစ်ရေသည် နောက်နှစ်ရက်အတွင်း ဟုမ္မလင်းမြို့နှင့် ကျောက်တော်မြို့များတွင် အနည်းဆုံး နှစ်ပေမှ ငါးပေအထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဇွန် ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်တွင် ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ငါးပေခန့်တွင် ရောက်ရှိနေကြောင်း၊ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ဟုမ္မလင်းမြို့နယ်နှင့် ကျောက်တော်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ရန် မိုးဇလမှ ထုတ်ပြန်ထားသည်။

ယခုရက်ပိုင်းအတွင်း မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တံတားများ ကျိုးကျခြင်း၊ လမ်းများ ပျက်စီးပြတ်တောက်မှုများ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

မိုးတွင်းကာလ ဇွန်လမှ အောက်တိုဘာလအတွင်း မြစ်ရေကြီးမှု ဖြစ်ပေါ်လေ့ရှိပြီး၊ ဇူလိုင်လနှင့် သြဂုတ်လတို့တွင် အဖြစ်များကြောင်း၊ မိုးတွင်းကာလ၌ မြစ်ဝှမ်းဒေသတွင် အချိန်ကြာကြာ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်းဖြတ်ကျော် ဝင်ရောက်စဉ် မိုးထစ်ချုန်း ရွာသွန်းခြင်း၊ မြစ်ဖျားဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ဆည်၊ ရေကာတာကြီးများ ကျိုးပေါက်ခြင်းများကြောင့် မြစ်ရေကြီးတတ်ကြောင်းလည်း သိရသည်။

၂၀၁၅ ခုနှစ် နောက်ပိုင်းမှ စတင်ကာ မြန်မာနိုင်ငံတွင် မိုးသည်ထန်စွာ ရွာသွန်းသည်နှင့် မြစ်ရေကြီးခြင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ယင်းကဲ့သို့ ဖြစ်ပွားမှုသည် သစ်တောများ နည်းပါးလာမှုကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ပညာရှင်များက ပြောကြားထားသည်။

Most Read

Most Recent