မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် နေအိမ်အဆောက်အအုံများ အမိုးလန်ပျက်စီး

မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် နေအိမ်အဆောက်အအုံများ အမိုးလန်ပျက်စီး
Published 14 June 2018

မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် သစ်ပင်များပြိုလဲနေသည်ကို ဇွန် ၁၃ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ဝဏ္ဏ(မိတ္ထီလာ)

မိတ္ထီလာမြို့နယ် ခင်လူးကျေးရွာတွင် ဇွန် ၁၂ ရက် ညနေပိုင်းက မိနစ်အနည်းငယ်ကြာ လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံ အဆောက်အအုံ ပြိုကျသွပ်မိုးလန်ခြင်းနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးဆုံးရှုံးခဲ့ပြီး စုစုပေါင်း နေအိမ် ၁၅ အိမ်နီးပါး ထိခိုက်နစ်နာဆုံးရှုံးခဲ့ရကြောင်း ဒေသခံများ ထံမှ သိရသည်။

ကလေးနို့တိုက်နေတုန်းလေက ဝုန်းခနဲ ဒိုင်းခနဲ တိုက်လိုက်တာ၊ အိမ်အမိုးတွေ အကုန်လန်ပြီး ခေါင်းပေါ်မော့ကြည့်တော့ ဘာမှမရှိတော့ဘူး။ ကြောက်ပြီး ထလည်း မပြေးရဲဘူး။ ကယ်ကြပါဦးပဲ အော်နေမိတယ်။ လူထိ ခိုက်မှုတော့မရှိပေမဲ့ သွေးနုသားနုဆိုတော့ ခေါင်းမူးပြီး မလှုပ်ချင်မကိုင်ချင် ဖြစ်နေတယ်။ အပျက်အစီး စာရင်းတော့ ရွာကလူကြီးကို စာရင်းပေးထားတယ်” ဟု ခင်လူးကျေးရွာနေ မမိုးက ပြောကြားသည်။

“မနေ့က ညနေ ၆ နာရီမထိုးခင်လောက်က စတိုက်တာပဲ၊ သိပ်မကြာဘူး၊ ခဏလေးပဲ တိုက်သွားတာ။ လေပြင်းတိုက်တာက ဒီဘက်ကနေကွေ့ပြီး စတိုက်တာ ဟိုဘက်လမ်းအတိုင်း တိုက်သွားတယ်။ အပျက်အစီးစာရင်းကတော့ ကောက်ထားတယ်။ စာသင်ကျောင်းရှေ့က ဓမ္မာရုံကတော့ ကျောက်တိုင်တွေပြို၊ သွပ်မိုးတွေ လန်ကုန်တယ်။ စာသင်ကျောင်း ရှေ့နားက တမာပင်တွေပြိုပြီး အုတ်ဝန်းထရံတွေ ကျိုးကုန်တယ်။ လူတွေတော့ ဘာမှ မထိခိုက်ပါဘူး။ ရွာထဲလည်း အိမ်တွေပျက်စီးကြတယ်” ဟု ခင်လူးကျေးရွာ လေးထပ်ကျောင်းထိုင်ဆရာတော် ဝါတော် (၄၆) ဝါ၊ သက်တော် (၆၇) နှစ်ရှိ ဦးအာသဖက ဇွန် ၁၃ ရက် နံနက် ပိုင်းတွင် မိန့်ကြားသည်။

ဇွန် ၁၂ ရက်ညနေပိုင်းက မိတ္ထီလာမြို့နှင့် ရှစ်မိုင်ခန့်ကွာဝေးသော ခင်လူးကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေးထပ်ကျောင်းဓမ္မာရုံ အမိုးလန်ခြင်း၊ သစ်ပင်များအမြစ်မှ ကျွတ်လဲခြင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်၊ အဆောက်အအုံများ အမိုးလန်ပြို ပျက်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent