ကျိုက်မရောမြို့နယ် ဘားအံ-မော်လမြိုင် အဝေးပြေးကားလမ်း ခရုံကျေးရွာလမ်းဆုံအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရ

ကျိုက်မရောမြို့နယ် ဘားအံ-မော်လမြိုင် အဝေးပြေးကားလမ်း ခရုံကျေးရွာလမ်းဆုံအနီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရ
Published 14 June 2018

ဘားအံ-မော်လမြိုင် အဝေးပြေးကားလမ်း ခရုံကျေးရွာလမ်းဆုံအနီးတွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားစဉ် (ဓာတ်ပုံ-မော်လမြိုင်လူမှုကူညီမှုကယ်ဆယ်ရေးအဖွဲ့)

မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ဘားအံ-မော်လမြိုင် အဝေးပြေးကား လမ်းခရုံကျေးရွာ လမ်းဆုံအနီးတွင် ဇွန် ၁၃ ရက် နံနက် ၅ နာရီခွဲခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား ရာမှ လူနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာမော်လမြိုင်မြို့ဘက်မှ ဘားအံမြို့ဘက်သို့ကျိုက်မရောမြို့နယ် ရန်မျိုးအောင် ရပ်ကွက် (၄) နေယာဉ်မောင်း ဦးအောင်စိုး (၅၄) နှစ် (ဘ) ဦးအောင်တင် မောင်းနှင်ပြီး ကျိုက်မရောမြို့နယ် ရှင်စောပု ရပ်ကွက် (၁) နေယာဉ်နောက်လိုက်အဖြစ် ဦးသန်းဦး (၅၂) နှစ် (ဘ) ဦးဘပုနှင့် ယာဉ်ပေါ်ပါ ခရီးသည်များဖြစ်ကြသည့် ကျိုက်မရောမြို့နယ် ညောင်ပင်ဆိပ် ကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်မြအေး (၆၅) နှစ် (ဘ) ဦးပါလေး၊ ဒေါ်သန်းဦး (၅၂) နှစ် (ဘ) ဦးအေးသိန်း၊ ဒေါ်မြင့်ဝင်း (၅၅) နှစ် (ဘ) ဦးမောင်ငို၊  ကျိုက်မရောမြို့နယ် ကျုံမနင်းကျေးရွာနေ ဒေါ်မြခင် (၆၀) နှစ် (ဘ) ဦးပြေ၊ မော်လမြိုင်မြို့ ငန်းတေးရပ်ကွက် ကမ်းနားပိုင်းနေ ဒေါ်စန်းမြင့် (၅၅) နှစ် (ဘ) ဦးစိုးသိန်း၊ ကျိုက်မရော မြို့နယ် ကျိုက်ပရံကျေးရွာနေ ဒေါ်မြတ်စု (၅၅) နှစ် (ဘ) ဦးတင်ကျော်၊ မော်လမြိုင်မြို့ သာယာအေးရပ်ကွက်နေ မမြနန်းခိုင် (၂၅) နှစ် (ဘ) ဦးအုန်းမြင့်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်အမှတ် MON – 9 H/---လိုက်ထရပ် အမျိုးအစားယာဉ်သည် ကျိုက်မရောမြို့နယ် ဘားအံ-မော်လမြိုင် အဝေးပြေးလမ်းမိုင်တိုင် (၁၁/၂) နှင့် (၁၁/၃) ကြား ခရုံကျေးရွာလမ်းဆုံအနီးအရောက်တွင် စလစ်ဖြစ်ကာ အရှိန်မထိန်းဘဲလမ်း၏ ဝဲဘက်လမ်းရှိ ရေမြောင်းအတွင်းသို့ထိုးကျတိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ ဦးသန်းဦးတွင် ယာနဖူးပေါက်ပြဲချိုင့်ဝင်ဒဏ်ရာ၊ နှာ ခေါင်းသွေးထွက်ဒဏ်ရာ၊ ပါးစပ်၊ မေးစေ့ ပေါက်ပြဲဒဏ်ရာ၊ ယာလက်မောင်းကျိုးဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားပြီး ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သူ ဒေါ်မြအေးတွင် ယာနဖူးပွန်းခြစ် ညိုမည်းဒဏ်ရာနှင့် ယာပါးပွန်းခြစ်ဒဏ်ရာများဖြင့် မော်လမြိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း၊ မော်တော်ယာဉ် ယာဉ်မောင်းဦး အောင်စိုးနှင့် ကျန်ခရီးသည်များမှာလည်း ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

“ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့နေရာမှာ ပွဲချင်းပြီးသေဆုံးသွားတဲ့သူကိုရော ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့သူတွေကိုပါ မော်လမြိုင်က လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရော၊ တရနာကျေးရွာနဲ့ ဇာသပြင် ကျေးရွာတွေက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေရော ဝိုင်းဝန်းပြီးတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြပါတယ်။ အဲဒီနေရာက  ယာဉ်တိမ်းမှောက်မှုတွေ မကြာခဏဖြစ်နေတော့ ယာဉ်မောင်းတွေအနေနဲ့အထူးဂရုပြုပြီး မောင်းနှင်စေချင်ပါတယ်” ဟု ယာဉ်တိမ်းမှောက်မှုအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့သည့် မော်လမြိုင်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အား မဆင်မခြေမောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်ပြီး ဒဏ်ရာရသေဆုံးအောင် ပြုလုပ်ခဲ့သူယာဉ်မောင်း ဦးအောင်စိုးအား ကျိုက်မရောမြို့မရဲစခန်းမှ ယာဉ် (ပ) ၂၉/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ-၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၇၉ အရအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent