w ဘယ်လ်ဂျီယံနှင့် အင်္ဂလန်အသင်းတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် တွေ့ဆုံမည်ဖြစ်ပြီး ဘယ်လ်ဂျီယံအသင်း ဗိုလ်စွဲမည်ဟု ဟာဇက် ခန့်မှန်း - Eleven Media Group <

ဘယ်လ်ဂျီယံနှင့် အင်္ဂလန်အသင်းတို့ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် တွေ့ဆုံမည်ဖြစ်ပြီး ဘယ်လ်ဂျီယံအသင်း ဗိုလ်စွဲမည်ဟု ဟာဇက် ခန့်မှန်း

Photo: AFP/Getty Images

ဘယ်ဂျီယံအသင်းခေါင်းဆောင် အီဒင်ဟာဇက်က လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဘယ်လ်ဂျီယံအသင်းနှင့် အုပ်စုတွင်းပြိုင်ဘက် အင်္ဂလန်အသင်းတို့ တွေ့ဆုံမည်ဖြစ်ပြီး မိမိတို့ဘယ်လ်ဂျီယံအသင်း ဗိုလ်စွဲမည်ဟု သူ၏ Instagram တွင် ရေးသားဖော်ပြခဲ့ကြောင်းသိရသည်။

နာမည်ကြီး ဆော့ဖ်ဝဲလ်တစ်ခုဖြစ်သော All Football App သည် ကမ္ဘာ့ဖလားချန်ပီယံအား မိမိစိတ်ကြိုက်ရွေးချယ်နိုင်သည့် အစီအစဉ်တစ်ခုပြုလုပ်ခဲ့ပြီး ဟာဇက်ကလည်း ပါဝင်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယင်းရွေးချယ်မှုတွင် ဟာဇက်က အုပ်စုတွင်းပြိုင်ဘက် အင်္ဂလန်အသင်းနှင့် ၎င်း၏ဘယ်လ်ဂျီယံအသင်း ဗိုလ်လုပွဲတွင် တွေ့ဆုံမည်ဟု ခန့်မှန်းခဲ့ခြင်း ဖြစ်သည်။

ဘယ်လ်ဂျီယံနှင့် အင်္ဂလန်တို့သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ အုပ်စု (G) တွင်အတူကျရောက်နေပြီး လာမည့်ဇွန်လ (၂၈)ရက်နေ့တွင် အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ဟာဇက်သည် All Football App တွင် ပြုလုပ်ခဲ့သည့် သူ၏ကမ္ဘာ့ဖလားချန်ပီယံလမ်းကြောင်းတွင် ဘယ်လ်ဂျီယံအသင်းသည် အုပ်စု (G) တွင် ပထမနေရာ ရရှိကာ ရှုံးထွက် (၁၆)သင်းအဆင့်သို့တက်ရောက်မည်ဟုခန့်မှန်းထားပြီး အုပ်စု (H) မှ ဒုတိယနေရာရသည့် ပိုလန်အသင်းနှင့်တွေ့ဆုံမည်ဟု ဖော်ပြထားသည်။

ထို့နောက် ဘယ်လ်ဂျီယံအသင်းမှာ ကွာတားဖိုင်နယ်တွင် ဘရာဇီးလ်၊ ဆီမီးဖိုင်နယ်တွင် ပြင်သစ်အသင်းတို့ကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲရောက်မည်ဟုရေးဆွဲထားသည်။

ပြိုင်ဘက်အင်္ဂလန်အသင်းမှာမူ အုပ်စု ဒုတိယနေရာရရှိကာ ရှုံးထွက် (၁၆)သင်းအဆင့်တွင် ကိုလံဘီယာ၊ ကွာတားဖိုင်နယ်တွင် လက်ရှိချန်ပီယံ ဂျာမနီ၊ ဆီမီးဖိုင်နယ်တွင် အာဂျင်တီးနားတို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲရောက်ရှိလာမည်ဟုခန့်မှန်းခဲ့သည်။

ဗိုလ်လုပွဲတွင်မူ ၎င်း၏ဘယ်လ်ဂျီယံအသင်းက အင်္ဂလန်အသင်းကို အနိုင်ယူကာ ချန်ပီယံဆုရယူမည်ဟု ခန့်မှန်းရေးဆွဲခဲ့ခြင်းဖြစ်သည်။

Photo: Eden Hazard/Instagram

ဘယ်လ်ဂျီယံအသင်းနှင့် အင်္ဂလန်အသင်းတို့သည် လာမည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ချန်ပီယံဆုအတွက်ရေပန်းစားမှုတွင် အဆင့် (၆)နှင့် (၇)နေရာများတွင် ရပ်တည်နေသည့်အသင်းများဖြစ်ပြီး ဟာဇက်၏ ၄င်းတို့၏ဘယ်လ်ဂျီယံရွှေရောင်မျိုးဆက်မှာ ယုံကြည်မှုအပြည့်ရှိနေကြောင်းနှင့် ချန်ပီယံဆုအတွက် အလားအလာရှိကြောင်းလည်း ဖွင့်ဟခဲ့သည်။

June 12, 2018














Copy Protected by Chetan's WP-Copyprotect.