အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားသည့် နေပြည်တော်စည်ပင် ဌာနမှူးနှစ်ဦးကို မန္တလေးတိုင်း တရားလွှတ်တော် စွဲချက်တင်အမိန့်ချ

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားသည့် နေပြည်တော်စည်ပင် ဌာနမှူးနှစ်ဦးကို မန္တလေးတိုင်း တရားလွှတ်တော် စွဲချက်တင်အမိန့်ချ
Published 13 June 2018

အဂတိလိုက်စားမှုဖြင့် နေပြည်တော် စည်ပင်ဌာနမှူး နှစ်ဦးအား မန္တလေးတိုင်း တရားလွှတ်တော်တွင် တရားစွဲဆိုထားရာ ဇွန် ၁၂ ရက်က စွဲချင်တင် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ စတင်ပြီး မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားစွဲခဲ့ခြင်းဖြစ်သည့် အဆိုပါ အမှုကို ဇွန် ၁၂ ရက်တွင် ၎င်းတို့ကို စွဲဆိုထားသည့် အမှုနှစ်ခုစလုံးအတွက် စွဲချက်တင် အမိန့်ချခဲ့ခြင်းဖြစ်သည်။

ဝက်အရောင်းအဝယ် သားသတ်လုပ်ငန်းလိုင်စင် ရရှိထားသူနှစ်ဦးက ဈေးများဌာနမှူး ဦးမင်းလွင်စိုးနှင့် တိရစ္ဆာန် ကုသရေးနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး ဒေါက်တာခိုင်စိုးလှအား ငွေကြေးပေးခဲ့ရကြောင်း၊ အဆိုပါ ငွေပေးရမှုနှင့် ပတ်သက်၍ တိုင်ကြားခဲ့သဖြင့် စစ်ဆေးခဲ့သည့် အမှုဖြစ်သည်။

စစ်ဆေးချက်အရ ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ကျပ် ၁၀ သိန်းနှင့် ဦးဘိုဘိုဟန်ထံမှ ကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ဒေါက်တာ ခိုင်စိုးလှသည် ဦးမျိုးခက်ထံမှ ကျပ် ၁၅ သိန်းနှင့် ဦးဘိုဘိုဟန်ထံမှ ကျပ်သိန်း ၄၀  ကို လည်းကောင်း ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးပြီး ငွေကြေး ရယူခဲ့သောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဌာနမှူးနှစ်ဦးသည် သားသတ်လုပ်ငန်းရှင် နှစ်ဦးစလုံးထံမှ ငွေကြေးရယူခဲ့ခြင်း ဖြစ်သောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုနှစ်မှုအတွက် မန္တလေးတိုင်း တရားလွှတ်တော်တွင်  အောက်တိုဘာ ၃၁ ရက်က စ တင်စွဲဆိုခဲ့သည့် အမှုဖြစ်သည်။

ထို့နောက် ဦးမင်းလွင်စိုးနှင့် ဒေါက်တာ ခိုင်စိုးလှအား တစ်ဦးချင်း အမှုအလိုက် ရုံးထုတ်စစ်ဆေးခဲ့ပြီး စွဲချက်တင်အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent