ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ၃၉၉ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ၃၉၉ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့
Published 13 June 2018

ရခိုင်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီလအတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ၃၉၉ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီအစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီက ၂၀၁၈ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး အဆိုပါအစီရင်ခံစာကို ဇွန် ၁၂ ရက်တွင် အစိုးရ၏ Information Committee Facebook စာမျက်နှာ၌ ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်အတွင်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆၅ အရ နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ဟုတ် မဟုတ် ဗဟိုအဖွဲ့၏ အဆုံးအဖြတ်ခံယူရန် လျှောက်ထားသူများအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၀  ရက်အထိ ကာလအတွင်း ဗဟိုအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အသက် ၁၀ နှစ်ပြည့်သူ  ၈၇ ဦးနှင့် အသက် ၁၈ နှစ်ပြည့်သူ ၂၅၂ ဦး၊ စုစုပေါင်း ၃၃၉ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါနိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိသူများသည် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၅၃ တို့တွင် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အတူ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို တည်ဆဲဥပဒေစည်းမျဉ်းများနှင့်အညီ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၃၀ ရက် အထိကာလအတွင်း မောင်တောမြို့နယ်၊ ရွှေဇားကျေးရွာအုပ်စု၊ မြို့မ (၁) ရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့တွင် (NV Card) ထုတ်ပေးခြင်းနှင့် Biometric Data စနစ်ဖြင့် မှတ်တမ်းတင်ခြင်း ၃၇၉ ဦး ၊ စစ်တွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ သက္ကယ်ပြင်ကျေးရွာနှင့် သဲချောင်းကျေးရွာတို့တွင် NV Card ထုတ်ပေးခြင်းနှင့် Biometric Data စနစ်ဖြင့် မှတ်တမ်းတင်ခြင်း ၁၉၀၇ ဦးတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံသားစိစစ်မှု၏ အခြေခံဖြစ်သော NV Card  လုပ်ငန်းစဉ် အရှိန်မြှင့်တင်ခြင်းကို စစ်တွေမြို့သက္ကယ်ပြင် IDP စခန်း၊ စစ်တွေမြို့ခေါင်းဒုက္ကာ IDP စခန်း၊ ကျောက်တော်မြို့နိဒင် IDP စခန်းတို့တွင် အဓိကရှေ့ပြေးဧရိယာ (Pilot Area)  အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအပြင် NV Card လာရောက်လျှောက်ထား သူများကိုလည်း နိုင်ငံသား စိစစ်မှုခံယူနိုင်ရေးအတွက် တစ်ပြိုင်တည်း လျှောက်ထားနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ ကိုင်ဆောင်သင့်သည့် လက်မှတ်သို့မဟုတ် ကတ်ပြားတစ်မျိုးမျိုး ရရှိသည်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို စတင်လျှောက်ထားသည့်နေ့မှစ၍ ငါးလအတွင်း အပြီးဆောင်ရွက်ရန် အချိန်ကာလသတ်မှတ်ထား ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသူများသည် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၃၅ တို့တွင် သတ်မှတ်ပြဋ္ဌာန်းထားသည့်အတိုင်း နိုင်ငံတော်၏ ဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်ဟု အစိုးရ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံသားဖြစ်ခွင့် မရရှိသူများသည် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၇၀ (က) အရ အစိုးရအဖွဲ့ထံသို့ အယူခံတင်ပြပိုင်ခွင့်ရှိပြီး ပုဒ်မ ၇၀ (ခ) အရ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာရမည်ဖြစ်ကာ ယင်းပြဋ္ဌာန်း ချက်များနှင့်အညီ ဗဟိုအဖွဲ့၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ရောက်ခဲ့သူ သုံးဦးကို ပြန်လည်စိစစ်၍ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံသားအဖြစ် ပြန်လည်သတ်မှတ်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နိုင်ငံသားမဟုတ်သော်လည်း မြန်မာနိုင်ငံအတွင်း နေထိုင်သူမှန်ကန်ပါက နိုင်ငံအတွင်း နေထိုင်ရန် NV ကတ်များ ကိုင်ဆောင်စေ၍ နိုင်ငံတော်မှ ချမှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ခွင့်ရှိပြီး မြန်မာနိုင်ငံအတွင်း အမြဲတမ်းလာ ရောက်နေထိုင်သော မြန်မာနိုင်ငံသား မဟုတ်သူများအား နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများ ပြဋ္ဌာန်းသတ်မှတ် ဆောင်ရွက်ပေးနေကြောင်းလည်း သတင်းထုတ်ပြန်မှုအရ သိရသည်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် ပြန်လည်အသက်ဝင်စေရေးနှင့် ပြည်သူများဘက်မှ ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေ ရေးအတွက် အဆိုပါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ မြောက်ဦးစသည့် မြို့နယ်ခြောက်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အစ္စလာမ်ဘာသာဝင်များ နိုင်ငံတော်၏ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ကြရန် ရှင်းလင်းဖော်ပြစာများ ဖြန့်ဝေခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

Most Read

Most Recent