ငပုတော-ညောင်ချောင်းလေး ဇက်ဆိပ်တွင် အသုံးပြုနေသော ရေနယား(၂) ဇက်ရေယာဉ် စက်ပျက်မှုကြောင့် ဇက်ကူးသန်းမှု ရပ်နားထားရ

ငပုတော-ညောင်ချောင်းလေး ဇက်ဆိပ်တွင် အသုံးပြုနေသော ရေနယား(၂) ဇက်ရေယာဉ် စက်ပျက်မှုကြောင့် ဇက်ကူးသန်းမှု ရပ်နားထားရ
Published 13 June 2018

ငပုတော-ညောင်ချောင်းလေး ဇက်ဆိပ်အား တွေ့ရစဉ်

မြောင်းမြကြိုးတံတား ပျက်စီးပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် အသစ်ဖွင့်လှစ်လိုက်သည့် လပွတ္တာ-မြောင်းမြ-ညောင်ချောင်းလေး-ငပုတော-ပုသိမ်လမ်းမကြီး ပေါ်ရှိ ငပုတော-ညောင်ချောင်းလေး ဇက်ဆိပ်တွင် အသုံးပြုနေသော ရေနယား (၂) ဇက်ရေယာဉ်မှာ ဇွန် ၁၀ ရက်တွင် စက်ချို့ယွင်း သွားသောကြောင့် ဇက်ကူးသန်းမှုအား ရပ်နားထားရကြောင်း သတင်းရရှိသည်။

မြောင်းမြကြိုးတံတား ပျက်ကျပြီးနောက် မြောင်းမြမြို့တွင် ဇက်ဆိပ်နှစ်ခု စတင်ဖွင့်လှစ်ခဲ့ပြီး လပွတ္တာမြို့မှ မော်တော်ယာဉ်များ အလွယ်တကူ သွားလာနိုင်ရေးအတွက် ညောင်ချောင်းလေး-ငပုတော ဇက်ဆိပ်အား ထပ်မံတည်ဆောက် ဖွင့်လှစ်ခဲ့ကြောင်း၊ ညောင်ချောင်းလေး ဇက်ဆိပ်တွင် ပြည်တွင်းရေကြောင်း ဦးစီးဌာနမှ ရေနယား (၂) ဇက်ရေယာဉ် တစ်စင်းမှ လပွတ္တာမြို့နှင့် မြောင်းမြမြို့မှ မော်တော်ယာဉ်များအား ငပုတောမြို့သို့ လွယ်ကူစွာ သွားလာနိုင်ရန် ပြေးဆွဲပေးလျက်ရှိကြောင်း၊ ရေနယား (၂) ဇက်ရေယာဉ်မှာ ဇွန် ၁၀ ရက်တွင် ဇက်ရေယာဉ်ရှိ အင်ဂျင်မှ အိတ်ဇောအုံ ပျက်စီးသွားသောကြောင့် ရေယာဉ်ပြေးဆွဲမှုကို ရပ်နားထားရပြီး အလျင်အမြန် ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်နေရကြောင်း သိရသည်။

“ဇက်ရေယာဉ်က အိတ်ဇောအုံ ပျက်စီးသွားလို့ ရပ်နားထားရတယ်။ သူတို့ ပစ္စည်းကို ရန်ကုန်လှမ်းမှာ ထားတယ်လို့ ပြောတယ်။ ကျွန်တော် လမ်းပန်းဝန်ကြီး ဦးဝင်းဌေးကို ဆက်သွယ်ပြီး မေးမြန်းတော့ ပစ္စည်းကတော့ ဝယ်လို့ရပြီပေါ့နော်။ မနက်ဖြန်လောက် ရောက်မယ်၊ ပြင်ဆင်ပြီးတာနဲ့ ပြန်ကူးပေးပါမယ်လို့ ပြောတယ်။ ဒီညောင်ချောင်းလေး ဇက်ဆိပ်က တစ်နေ့ကို မော်တော်ယာဉ် အစီးရေ အနည်းဆုံး အစင်း ၂၀ လောက် ကူးပေးနေတာ။ ဇက်တစ်စင်းထဲရှိတော့ အခုလိုပျက်သွားတော့ သွားလာရေးတော့ နည်းနည်းတော့ ခက်ခဲသွားတာပေါ့” ဟု ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုအရ မြောင်းမြတံတားအသစ် တည်ဆောက်မှု မပြီးစီးမီ အချိန်အတွင်း မြောင်းမြမြို့တွင်ရှိသော ဇက်ဆိပ်နှစ်ခုအပြင် ညောင်ချောင်းလေး ဇက်ဆိပ်တွင်ပါ ခရီးသွားလာ ပြည်သူများ အဆင်ပြေစေရေးအတွက် ဇက်များ အခမဲ့ ပြေးဆွဲပေးနေသော်လည်း ဇက်ရေယာဉ်များမှာ မကြာခဏ ပျက်စီးမှုများကြောင့် ရပ်နားထားရမှုများ ရှိနေကြောင်း သိရသည်။

 

Most Read

Most Recent