အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်မပေးသော အလုပ်ရှင်များကို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနှင့် အနည်းဆုံး အခကြေးငွေ ကော်မတီထံသို့ တိုင်ကြားနိုင်သည့်အပြင် အလုပ်ရှင်ကို တရားစွဲဆိုနိုင်ဟုဆို

အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်မပေးသော အလုပ်ရှင်များကို အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနနှင့် အနည်းဆုံး အခကြေးငွေ ကော်မတီထံသို့ တိုင်ကြားနိုင်သည့်အပြင် အလုပ်ရှင်ကို တရားစွဲဆိုနိုင်ဟုဆို
Published 13 June 2018

အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ် မပေးသော အလုပ်ရှင်များကို သက်ဆိုင်ရာမြို့နယ် အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အနည်းဆုံးအခကြေးငွေ ကော်မတီထံသို့ တိုင်ကြားနိုင်သည့်အပြင် အလုပ်ရှင်ကို တရားစွဲဆိုနိုင်ကြောင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်း၏ ပြောကြားချက်အရ သိရသည်။

ဇွန် ၁၂ ရက်က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်၌ ပြုလုပ်သော ကမ္ဘာ့ကလေးလုပ်သား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင်  သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားရာ၌ ၎င်းကထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကို မေ ၁၄ ရက်က အတည်ပြု သတ်မှတ်ပြီး စပေးပါလို့ အမိန့်ထုတ်ပြန် လိုက်တယ်။ မေ ၁၄ ရက်မတိုင်ခင် ၄၈၀၀ မပေးလို့ရတယ်။ ၁၄ ရက်နောက်ပိုင်းက ပေးရမယ်။ ၄၈၀၀ မရရင် ဘာလုပ်လို့ရလဲဆိုတော့ ဥပဒေအရ သက်ဆိုင်ရာ မြို့နယ်အရာရှိကို တိုင်လို့ရတယ်။ တိုင်ပြီးမှ မရဘူးဆိုရင် အဆင့်ဆင့်ပေါ့။ အနည်းဆုံး အခကြေးငွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် ကော်မတီတွေကို တိုင်ရမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မတီတွေကို တိုင်လို့မှ မရဘူးဆိုရင် တရားစွဲရမှာပေါ့” ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံခြောက်ရုံနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်ရုံနှစ်ရုံတို့မှာ အနည်းဆုံး လုပ်ခ ၄၈၀၀ ကျပ်နှုန်း ပေးချေခြင်း မရှိသည်ကို သိရှိကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (MICS) အတွင်းရေးမှူး ကိုသက်နှင်းအောင်၏ ပြောကြားချက်အရ သိရသည်။

အစိုးရက အနည်းဆုံးလုပ်ခ ကျပ် ၄၈၀၀ သတ်မှတ်ပြီးနောက်ပိုင်း စက်ရုံ၊ အလုပ်ရုံ ပိုင်ရှင်များမှာ အနည်းဆုံး လုပ်ခ ၄၈၀၀ ကျပ်ကို ပေးချေသော်လည်း ယခင်အလုပ်သမားများ ရရှိသည့် ရက်မှန်ကြေး၊ ဖယ်ရီကြေး စသည်တို့ကို လျှော့ချခြင်း၊ ဖြတ်တောက်ခြင်းများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၅ ခုနှစ်က အနည်းဆုံး လုပ်ခကို တစ်ရက် ၃၆၀၀ ကျပ်အဖြစ် သတ်မှတ်စဉ်က ၃၆၀၀ ကျပ်မရသဖြင့် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

Most Read

Most Recent